Homeသတင်းတရုတ်ခရီးစဉ်အပြီး စစ်အစိုးရ၏ သံတမန်အခင်းအကျင်း အလားအလာ

တရုတ်ခရီးစဉ်အပြီး စစ်အစိုးရ၏ သံတမန်အခင်းအကျင်း အလားအလာ

-

အာဏာသိမ်းစစ်အုပ်စုက စစ်အစိုးရဖွဲ့ပြီးသည့်တိုင် နိုင်ငံတကာနှင့် အာဆီယံ သံတမန်အခင်းအကျင်းတွင် ဖယ်ကျဉ်ခံနေရဆဲ ဖြစ်သည်။

သို့သော်လည်း အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဉ်တွင် တရုတ်သမ္မတရှီကျင့်ဖျင်က စစ်အစိုးရကို ကုလသမဂ္ဂ မျက်နှာစာနှင့် အာဆီယံတွင် ရပ်တည် ထောက်ခံပေးမည်ဟု အတိအလင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ဦးမင်းအောင်လှိုင်မှာ အာဏာသိမ်းပြီး နိုင်ငံ၏အမြင့်ဆုံးအာဏာများကို ရယူထားနိုင်ခဲ့သော်လည်း နိုင်ငံတကာ၏ တရားဝင်မှု မရခြင်းက အကြီးမားဆုံး ထိုးနှက်ချက်တစ်ခု ဖြစ်နေသည်။ ကုလသမဂ္ဂအနေဖြင့် စစ်အုပ်စုအတွက် ကိုယ်စားပြုမည့် သံအမတ်ကို လက်မခံဘဲ ပြည်သူ့ဘက်မှ ရပ်တည်ခဲ့သည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ယနေ့အထိ အသိအမှတ်ပြုထားသည်။

ထို့ပြင် အာဆီယံအနေဖြင့်လည်း ဦးမင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေးများသို့ တက်ခွင့်မပြုဘဲ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌပင် ဖြစ်ခွင့်မပေးခဲ့ပေ။ သို့သော်လည်း ယခု တရုတ်အစိုးရ၏ ပေါ်ပေါ်ထင်ထင် ဝင်ရောက်ထောက်ပံ့ပေးမှုကြောင့် စစ်အစိုးရ၏ သံတမန်အခင်းအကျင်းမှာ လာမည့်ကာလများတွင် အပြောင်းအလဲဖြစ်လာနိုင်ကြောင်း သုံးသပ်ကြသည်။

အာဆီယံအရေးကျွမ်းကျင်သူ Forum of Federation ၏ ဒါရိုက်တာ ဦးဝင်းမင်းက “အမှန်အတိုင်း ဝန်ခံရမယ်ဆိုရင် ဒါက ပြောင်းလဲလာတဲ့ မူလို့လည်း ဆိုရမယ်ပေါ့။ သတိထားစောင့်ကြည့်ရမယ့် မူလို့လည်း ကျနော်က ထင်တယ်။ ဘာလို့လည်းဆိုတော့ အာဆီယံအဖွဲ့ဝင်တွေထဲမှာလည်း ပြင်ဆင် ဆွေးနွေးကြတာတွေ ရှိတယ်ပေါ့။ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်အစိုးရနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီးတော့ မြန်မာ့အရေးကို ဆွေးနွေးအဖြေရှာသင့်ပြီးလားဆိုတဲ့ အဆိုကို ဆွေးနွေးတာတွေ ရှိလာတယ်။ လက်ရှိ မြန်မာ့ပဋိပက္ခက ရှည်ကြာလွန်းတယ်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ထိခိုက်တဲ့အခါမှာ ဒီတိုင်းသွားလို့တော့ မရဘူးပေါ့။ မူဝါဒ ပြောင်းလဲရမယ်ဆိုတဲ့အသိတွေလည်း သူတို့ ဆွေးနွေးကြတယ်။ ဒီလိုပြောင်းလဲလာတဲ့မူတွေက အာဆီယံရဲ့ နောက်ပိုင်း ထိပ်သီးအစည်းအဝေးတွေမှာတော့ ရိုက်ခက်လာနိုင်တယ်။” ဟု သုံးသပ်ပြောဆိုသည်။

တရုတ်သည် ကုလသမဂ္ဂတွင် ဗီတိုအာဏာရှိသည့် အင်အားကြီးနိုင်ငံကြီးများထဲမှ တစ်နိုင်ငံဖြစ်ပြီး ကုလအစည်းအဝေးများတွင်လည်း အာဏာသိမ်း မြန်မာစစ်အုပ်စုဘက်မှ ပေါ်ပေါ်ထင်ထင်ရပ်တည်ခဲ့သည်။

အာဆီယံအနေဖြင့် ဦးမင်းအောင်လှိုင်ဦးဆောင်နေသည့် စစ်အစိုးရအဖွဲ့ကို ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့်ပိတ်ထားသော်လည်း တစ်နိုင်ငံချင်း ထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်နေသည်ကို တွေ့ရသည်။

ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ လာအိုနှင့် ဖိလစ်ပိုင်နိုင်ငံအစိုးရတာဝန်ရှိသူများ နေပြည်တော်သို့ သွားရောက်ကာ မြန်မာစစ်အုပ်စု အာဆီယံတွင် ပြန်လည်နေရာရရေး ဆွေးနွေးမှုများ ရှိခဲ့သည်။ သို့သော်လည်း တရုတ်ထောက်ခံပေးနေသည့် စစ်အစိုးရမှာ အာဏာသိမ်းမှုကို ဦးဆောင်ထားသည့် စစ်ခေါင်းဆောင်များပင် အများဆုံး နေရာဆက်လက်ရယူထားသည့် အဖွဲ့အစည်းဖြစ်နေသည်။

ဦးမင်းအောင်လှိုင်ကိုယ်တိုင်ပင် ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ ရွေးကောက်ပွဲဝင်မပြိုင်ဘဲ သမ္မတရာထူးကို ရယူထားခြင်းဖြစ်သည်။

“ဒီအခင်းအကျင်းတစ်ခုလုံးက တရုတ်က ပုံဖော်ခဲ့တာ၊ တရုတ်လိုချင်ခဲ့တဲ့အခင်းအကျင်းပဲလို့ ပြောလို့ရတယ်။ တရုတ်က ၂ နှစ်လောက်ထိ မြန်မာပြည်ကို ဒီအတိုင်းစောင့်ကြည့်ခဲ့တယ်။ ပြီးတော့မှ ဝင်ပါလာခဲ့ပြီးတော့ ရွေးကောက်ပွဲကို လုပ်ဖို့ သူကပဲ ဦးဆောင်ပြီး ခိုင်းတယ်။ စစ်အုပ်စုက အဲဒီအတိုင်း လိုက်လုပ်ရတယ်။ သူ့ရဲ့ အိမ်နီးချင်းနိုင်ငံ သူ့အကျိုးစီးပွားတွေရှိနေတဲ့နိုင်ငံမှာ သူတရားဝင်ဆက်ဆံလို့ရမယ့် အစိုးရတရပ်ကို တရုတ်ကပဲ ဖော်သွားတာ။ ဒါကြောင့် တရားဝင်မှုရဖို့ကိုလည်း တရုတ်ကပဲ ဆက်လုပ်ပေးအုံးမှာပဲ” ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ် သူတစ်ဦးက ဆိုသည်။

တရားဝင်မှုရရေး ထောက်ခံပေးမည့်အခြားတဘက်တွင် မြန်မာနိုင်ငံအတွင်းရှိ တရုတ်၏ စီမံကိန်းများဖြစ်သည့် ပိုးလမ်းမစီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး၊ နယ်စပ်ကုန်သွယ်ရေးများ အမြန်ဆုံးပြန်စနိုင်ရေး၊ လျှပ်စစ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုမိုတူးဖော်နိုင်ရေး လုပ်ငန်းများအပြင် တရုတ်စီမံကိန်းများ၏ လုံခြုံရေးကို အာမခံရန် သမ္မရှီက ဦးမင်းအောင်လှိုင်ကို မှာကြားခဲ့သည်။

ဦးမင်းအောင်လှိုင်ကမူ အဆိုပါ စီမံကိန်းများအကောင်အထည်ဖော်နိုင်ရန် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး လိုအပ်ပြီး အဆိုပါလုပ်ငန်းစဉ်များအား တရုတ်အစိုးရနှင့် ပူးပေါင်း လုပ်ဆောင်လိုကြောင်း ပြောဆိုခဲ့သည်။

ထို့ကြောင့် တရုတ်ခရီးစဉ်အပြီးတွင် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တရုတ်မှ ငြိမ်းချမ်းရေးလုပ်ရန် ဖိအားပေးလာနိုင်ကြောင်း သုံးသပ်မှုများရှိလာသည်။ တရုတ်အစိုးရအနေဖြင့် မြန်မာအာဏာသိမ်းခေါင်းဆောင်များအတွက် နိုင်ငံတကာမျက်နှာစာတွင် ထောက်ခံအားပေးနေသလို ပြည်တွင်းအကြပ်အတည်းများကိုပါ စစ်အုပ်စုအတွက် ဖော်ဆောင်ပေးနေခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts