Homeသတင်းရေးမြို့နယ် ဖာလိန်ဒေသခံအချို့ အဓမ္မငွေကြေးတောင်းခံရမှုများရှိနေ

ရေးမြို့နယ် ဖာလိန်ဒေသခံအချို့ အဓမ္မငွေကြေးတောင်းခံရမှုများရှိနေ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဖာလိန်ဒေသခံများထံ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ အဓမ္မ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။

ဇွန်လဆန်းပိုင်းအတွင်း ဖာလိန်ဒေသ ဥယျာဉ်ခြံဘက်သို့ သွားလာသူများ အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ လက်နက်ဝယ်ယူရန်ဟုဆိုကာ ငွေကြေးတောင်းခံမှုများ လုပ်ဆောင်နေသည်။

ငွေကြေး သိန်း ၅၀ ဝန်းကျင် ပေးဆောင်ရန်နှင့် ငွေကြေးတောင်းခံသည့်ကိစ္စအား လျှို့ဝှက်ထားရန် ပြောဆိုထားကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သူတို့က အရပ်ဝတ်နဲ့ပဲဆိုတော့ စစ်တပ်ကလား၊ တော်လှန်ရေးတပ်ဖွဲ့ကလားတော့ သေချာမသိဘူး။ ဗမာစကားပဲ ပြောတယ်။ သူတို့လက်နက်ဝယ်ဖို့ ထောက်ပံ့ပေးဖို့ပေါ့လေ၊ အဲဒီလိုပဲ ပြောတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အဆိုပါ ငွေကြေးတောင်းခံရမှုများကို ဒေသအုပ်ချုပ်ရေးအာဏာပိုင်များထံ တင်ပြတိုင်ကြားရန် ခက်ခဲသည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

“သူတို့ကလည်း ဒီကိစ္စကို အုပ်ချုပ်ရေးမှူးရော ဘယ်သူ့ကိုမှမပြောဖို့ ပိတ်ထားတယ်။ စကားကိုတော့ ကောင်းကောင်းမွန်မွန်ပဲ ပြောတယ်။ ခြိမ်းခြောက်တာမျိုးတော့ မရှိဘူး။ အဲဒီလောက်ပဲ” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

ယခုရက်ပိုင်းအတွင်း ဖာလိန်ဒေသခံများမှာ သွားလာလှုပ်ရှားရာတွင် သတိကြီးစွာနေထိုင်နေရပြီး စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ဆန်းပိုင်းမှစကာ ရေးမြို့နယ်၊ ဖာလိန်ဒေသဖြစ်သည့် ဒူးယား၊ ကူကတော၊ ပလိုင် သိမ်း၊ နှီးနှူ၊ သာဂရမ်၊ အံဒင်စသည့် ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်တို့အပါအဝင်ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တို့ကလည်း မကြာခဏဝင်ရောက်လာပြီး သွားလာလှုပ်ရှားနေသည်ဟု ဆိုသည်။

ထို့ကြောင့် ဖြစ်စဉ်နှင့်ပတ်သတ်၍ မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မှ လုပ်ဆောင်နေသည်ကို ခန့်မှန်းပြောဆိုရန် ခက်ခဲကြောင်းလည်း ဒေသခံများက ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts