စစ်ရေးပဋိပက္ခများအတွင်း အမျိုးသမီးများ တရားမျှတမှုရရှိရေးနှင့် ဥပဒေဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများတွင် အထောက်အကူပြုနိုင်မည့် Women and Justice Intensive Training (WJIT) အခမဲ့သင်တန်းသို့ တက်ရောက်ကြရန် တိုးတက်သောမွန်လူငယ်များအစည်းအရုံး (MYPO) က တိုက်တွန်းနှိုးဆော်သည်။
ယနေ့ခေတ် စစ်ရေးပဋိပက္ခများကြောင့် ကျား-မအခြေပြု အကြမ်းဖက်မှု (GBV) များ မြင့်တက်လာနေသော်လည်း ဥပဒေနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းစဉ်များကို လုံလောက်စွာ နားလည်မှုမရှိခြင်းကြောင့် လျော်ကြေးဖြင့်သာ အဆုံးသတ်သွားသည့် ဖြစ်စဉ်များ များလာနေသည်။

MYPO တာဝန်ရှိသူတစ်ဦးက “ အမှုကိစ္စတွေမှာဆိုရင် လျော်ကြေးနဲ့ပဲ အဆုံးသတ်နေတာဟာ အမျိုးသမီးတွေ ဥပဒေနဲ့ အခွင့်အရေးတွေကို သေချာနားမလည်ထားလို့ပါ၊ ဘာမှ ပြန်မပြောရ ဘာမှမသိဖြစ်တယ်” ဟု ဆိုသည်။
ထို့ကြောင့် အမျိုးသမီးများ ဥပဒေနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပိုမိုပါဝင်ဆောင်ရွက်နိုင်စေရန်နှင့် ထိရောက်သည့် တရားမျှတမှုများ ရရှိစေရန် အရေးကြီးလာကြောင်း ဆိုသည်။
MYPO ဦးဆောင်သည့် WJIT သင်တန်းတွင် မြန်မာ့ဥပဒေများ၊ တရားရုံးဖွဲ့စည်းပုံ၊ ဥပဒေအကူအညီပေးရေး၊ ကျား-မရေးရာနှင့် လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်များအပြင် CEDAW၊ GESI နှင့် GBV ဆိုင်ရာ အကြောင်းအရာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ကိုယ်ပိုင်လုံခြုံရေးဆိုင်ရာ အခွင့်အရေးများ၊ တရားမျှတမှုလက်လှမ်းမီရေး၊ ပဋိပက္ခဖြေရှင်းရေး၊ စည်းရုံးလှုံ့ဆော်ရေး၊ တင်ပြဆွေးနွေးရေးနှင့် စကားပြောစွမ်းရည် ပညာရပ်များကိုလည်း ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား ၁၅ ဦးမှ ၂၀ ဦးအထိသာ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
“အဓိကက အမျိုးသမီးတွေကို ပိုဦးစားပေးရွေးချယ်သွားမှာဖြစ်ပြီး မွန်ပြည်နယ်ကသာမက အခြားဒေသက စိတ်ဝင်စားသူတွေလည်း လျှောက်ထားနိုင်ပါတယ်” ဟု MYPO မှ တာဝန်ရှိသူက ပြောသည်။
သင်တန်းလျှောက်လွှာများကို ဇွန်လ ၁၂ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်နေ့တွင် စတင်စိစစ်မည်ဖြစ်သည်။ ထို့နောက် ဇူလိုင်လ ၂၀ ရက်နေ့တွင် လူတွေ့အင်တာဗျူး ပြုလုပ်၍ သင်တန်းသားရွေးချယ်မှုကို ဇူလိုင်လ ၂၃ ရက်နေ့တွင် အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွေးချယ်ခံရသူများကို ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတစ်နေရာတွင် သင်တန်းပို့ချပေးသွားမည်ဟု MYPO မှ ထုတ်ပြန်ထားသည်။
တိုးတက်သောမွန်လူငယ်များအစည်းအရုံး MYPO သည် စစ်အာဏာသိမ်းပြီးနောက် "မွန်လူငယ်များနေ့"နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ကဏ္ဍအသီးသီးတွင် လှုပ်ရှားနေသည့် လူငယ်အဖွဲ့အစည်းတစ်ခုဖြစ်သည်။



