Homeသတင်းထိုင်းတော်ဝင်မင်းသမီး ပါဂျရကီတီယာဗာ သက်တော် ၄၇ တွင် နတ်ရွာစံ

ထိုင်းတော်ဝင်မင်းသမီး ပါဂျရကီတီယာဗာ သက်တော် ၄၇ တွင် နတ်ရွာစံ

-

ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်း၏ အကြီးဆုံးသမီးတော်ဖြစ်သည့် သက်တော် ၄၇ နှစ်ရှိ တော်ဝင်မင်းသမီး ပါဂျရကီတီယာဗာ နာရင်ဒီရာဒေဗျာဗာတီသည် ဇွန်လ ၁၁ ရက် ကြာသပတေးနေ့ ည ၇ နာရီ ၄၈ မိနစ်တွင် ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်းဆေးရုံတွင် နတ်ရွာစံ သွားခဲ့ကြောင်း ထိုင်းတော်ဝင်နန်းတွင်းမှ အသိပေးထုတ်ပြန်သည်။

နှလုံးကျန်းမာရေးအခြေအနေကြောင့် မင်းသမီး ပါဂျရကီတီယာဗာ နာရင်ဒီရာဒေဗျာဗာတီသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကပင် ဆေးရုံတွင် ဆေးဘက်ဆိုင်ရာအဖွဲ့က အနီးကပ်စောင့်ကြည့်မှုနှင့် အထူးကြပ်မတ်ကုသမှုများဖြင့် ဆေးကုသမှုခံယူနေခဲ့ရသည်။

ဆေးကုသခံယူနေစဉ် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ဧပြီလတွင် အူမကြီးရောင်ရမ်းခြင်းကြောင့် ဝမ်းဗိုက်တွင် ရောဂါပိုးဝင်ရောက်မှု ဒဏ်ကိုလည်း ခံခဲ့ရသည်။

ယင်းအခြေအနေကြောင့် မင်းသမီး ပါဂျရကီတီယာဗာ နာရင်ဒီရာဒေဗျာဗာတီသည် သွေးဖိအားကျဆင်းခြင်း၊ နှလုံးခုန်မမှန်ခြင်းနှင့် သွေးခဲမှုစနစ်မမှန်ခြင်းတို့ ဖြစ်ပွားကာ ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာခဲ့သည်။

ဆေးဘက်ဆိုင်ရာအဖွဲ့က အနီးကပ်စောင့်ကြည့်မှုနှင့် အထူးကြပ်မတ်ကုသမှုများ လုပ်ဆောင်ခဲ့သော်လည်း မင်းသမီး၏ ကျန်းမာရေးအခြေအနေ ဆက်လက်ကျဆင်းလာခဲ့သောကြောင့် ယမန်နေ့ ဇွန်လ ၁၁ရက်နေ့ ည မင်းသမီး သက်တော် ၄၇ အရွယ်တွင် နတ်ရွာစံခဲ့ရသည်။

မင်းသမီးသည် ဥပဒေပညာရပ်ဆိုင်ရာ ဒေါက်တာဘွဲ့ ရရှိထားသူဖြစ်ပြီး ကုလသမဂ္ဂ (UN) ဆိုင်ရာ ထိုင်းသံအမတ်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသလို၊ ထိုင်းပြည်သူတွေအကြား အလွန်ချစ်ခင်ကြည်ညိုရသည့် မင်းသမီးတစ်ပါး ဖြစ်သည်။

လက်ရှိတွင် ဘုရင်ကြီး၏ အမိန့်အရ နန်းတွင်းထုံးတမ်းစဉ်လာအတိုင်း အမြင့်ဆုံးဂုဏ်ထူးဆောင် ဈာပနအခမ်းအနားကို ဘန်ကောက်မြို့ Grand Palace (နန်းတော်ကြီး) တွင် ကျင်းပရန် ပြင်ဆင်လျှက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts