Homeသတင်းလူထု တော်လှန်ရေးကို ကျောခိုင်းစေချင်လို့ ရေးဘီလူးအဖွဲ့ကို စစ်တပ် ဗုံးကြဲဟု ဆို

လူထု တော်လှန်ရေးကို ကျောခိုင်းစေချင်လို့ ရေးဘီလူးအဖွဲ့ကို စစ်တပ် ဗုံးကြဲဟု ဆို

-

မွန်ပြည်နယ် ရေးဒေသက ပြည်သူများ တော်လှန်ရေးကို ကျောခိုင်းစေလိုတာကြောင့် ရေးဘီလူးအဖွဲ့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်ကြောင်း ရေးဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ မေလ ၂၇ ရက်က ရေးမြို့နယ် ကင်ပွန်းကျေးရွာအနီးမှာရှိ ရေးဘီလူးအဖွဲ့၏ တပ်စခန်းတစ်ခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် စခန်းအတွင်း လူ ၁၀ ဦးထက်မနည်း သေဆုံးမှုဖြစ်ပွားခဲ့သည်။

ထို့နောက် ဇွန်လ ၃ ရက်နေ့ကလည်း ရေးမြို့နယ်အခြေစိုက် ရေးဘီလူးတပ်ဖွဲ့ စခန်းနေရာတဝိုက်မှာ စစ်အုပ်စုက ဒုတိယအကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်(၁)ဦးသေဆုံးသွားကြောင်း သိရသည်။

ရေးဘီလူးကဲ့သို့ တော်လှန်ရေးလူငယ်ခေါင်းဆောင်တစ်ဦးကို ဖြိုချနိုင်ပါက အဆိုပါ ဒေသမှ လူထုများ တော်လှန်ရေးကို ကျောခိုင်းမည့်အထင်ဖြင့် စစ်အုပ်စုက ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ပြောသည်။

“စစ်တပ်ဟာ သူ့ရဲ့ရန်သူလှုပ်ရှားမှုကို အမြဲတမ်းလေ့လာနေတယ်။ နောက်တချက်က တခြားအဖွဲ့တွေနဲ့ယှဉ်ရင် ရေးဘီလူးအဖွဲ့ဟာ ရေးမြို့နယ်က အုပ်ချုပ်ရေးအဖွဲ့တွေ မလည်ပတ်နိုင်အောင် ဟန့်တားထားနိုင်လို့ အဲဒေသက စစ်အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုအတွက် ဆူးတချောင်းလို ဖြစ်နေတာရယ်၊ ရေးဘီလူးလို တော်လှန်ရေးဆယ်လီကို ဖြိုချနိုင်ရင် အဲဒေသက လူထုတွေ တော်လှန်ရေးကို ကျောခိုင်းမယ်အထင်နဲ့ စစ်တပ်က အခုလို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သုံးသပ်လို့ ရပါတယ်” ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

ယခင် ၂၀၂၄ တွင် ၁ ကြိမ်၊ ၂၀၂၅ တွင် ၁ ကြိမ် ကျောက်တိုင်ရွာအနီးဝန်းကျင်မှာ လေကြောင်းမှ ဗုံးကြဲမှုရှိခဲ့ပြီး ယခုနှစ်တွင်မှု စစ်တပ်မှ ဗုံးကြဲတိုက်ခိုက်သည်မှာ ၂ ကြိမ်ရှိပြီဖြစ်ကြောင်း၊ ပစ်မှတ်အတိအကျဖြင့် ဗုံးကြဲခဲ့ကြောင်း အထက်ပါ ဒေသခံက ဆက်ပြေသည်။

ရေးမြို့နယ်တွင် စစ်အုပ်စု၏ အုပ်ချုပ်ရေးယန္တများဖြစ်များ မလည်ပတ်နိုင်ရန် ရေးဘီလူးအဖွဲ့မှ လုပ်ဆောင်နေသလို အခြားသော တော်လှန်ရေးအင်အားစုများဖြင့် ပူးပေါင်း၍ စစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားမှုများလည်း ရှိနေသည်။

ယခုနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့ လူငယ်ခေါင်းဆောင်များအား စစ်တပ်က သတင်းအတိအကျဖြင့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း စစ်ဘက်ရေးရာ ဝေဖန်သုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က IMNA သို့ ပြောသည်။

“အခုနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်ငယ်တွေပေါ့နော်၊ ခေါင်းဆောင်ငယ်တွေ ရှိတဲ့ နေရာကို သတင်းအတိအကျတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာတယ်။ အဓိကတော့ ထောက်လှမ်းရေး သတင်းအတိအကျနဲ့ လုပ်လာတဲ့ အနေအထားမျိုးပဲ။ ကျနော်တို့ ဒီဖက် နွားထိုးကြီးဖက်မှာလည်း တွေ့တယ်။ ကျနော်တို့ မွန်ပြည်နယ် ရေးဖက်မှာလည်းတွေ့တယ်။ အဓိကတော့ အွန်လိုင်းအဖွဲ့တွေပေါ့နော်၊ အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ မြေပြင်တော်လှန်ရေး ခေါင်းဆောင်တွေကို ဦးတည်ပြီးတော့ ပစ်ခတ်တိုက်ခိုက် ချေမှုန်းလာတဲ့ အနေအထားမျိုးလို့ ကျနော်တို့ကတော့ ယူဆပါတယ်ဗျ” ဟု ပြောသည်။

ရေးဘီလူးအဖွဲသည် မွန်ပြည်နယ် ရေးမြို့နယ်တွင် စစ်တပ်အား ဆန့်ကျင်တိုက်ခိုက်နေသောကြောင့် ၎င်းအဖွဲ့အား ဖမ်းဆီးနိုင်သူကို ဆုကြေးချီးမြှင့်မည်ဟု ထုတ်ပြန်ခဲ့ထားရသည့် အဖွဲ့လည်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts