ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့၊ ဘန်ဂျိုးဒေသရှိ DCM ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သမားတန်းလျားမီးလောင်မှုတွင် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည့် မြန်မာအလုပ်သမား ရာနှင့်ချီတို့ အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း အလုပ်သမားအရေး အကူအညီဆောက်ရွက်ပေးနေသူများက ပြောသည်။
မြန်မာအလုပ်သမားအများစု နေထိုင်သည့် ဘန်ဂျိုးဒေသရှိ DCM ဆောက်လုပ်ရေး အဆောင်တွင် ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့ ည ၁၁ နာရီက လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ခဲ့သဖြင့် အခန်း ၈၀ ပါသည့် အဆောင်တန်းလျားတစ်ခုလုံး အလျင်အမြန် မီးလောင်ပြာကျခဲ့သည်။
မီးလောင်မှုကြောင့် အဆောင်အတွင်းနေထိုင်သည့် ရွှေ့ပြောင်း မြန်မာလုပ်သား ၄၀၀ နီးပါး မီးဘေးသင့်ခဲ့ရပြီး စုဆောင်းထားသည့် ပစ္စည်းများ၊ စာရွက်စာတမ်းအထောက်အထားများ ရွှေ၊ ငွေနှင့် ဘတ်သိန်းချီ မီးလောင် ဆုံးရှုံးခဲ့ရသည်။
လတ်တလော မီးဘေးဒဏ်သင့် မြန်မာအလုပ်သမားများ ဘန်ဂျိုးဘုန်းကြီးကျောင်းတွင် ယာယီခိုလှုံနေထိုင်နေကြပြီး မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်သူများများနှင့် ထိုင်းပရဟိတအဖွဲ့များက အခြေခံစားသောက်ကုန်အချို့ ရရှိထားသော်လည်း လုံလောက်မှုမရှိသေးကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်သူများမှ သိရသည်။
၎င်းအပြင် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာလုပ်သားတစ်ဦးလည်း ဆေးရုံးတွင် ကုသနေရဆဲ ဖြစ်သည့်အတွက် ဆေးကုသရန်အကူအညီလိုအပ်နေသည်ဟု ဖူးခက်ဘန်ထောင်ပရဟိတအဖွဲ့မှ သိရသည်။
ဆောက်လုပ်ရေး ကုမ္ပဏီဘက်မှ မီးအတွင်းပျက်ဆီးဆုံးရှုံးခဲ့ရသည့် မြန်မာအလုပ်သမားများ၏ စာရွက်စာတမ်းများကို ပြန်လည်လုပ်ဆောင်ပေးမည်ဟု ပြောဆိုထားကြောင်းလည်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
ထိုင်းအာဏာပိုင်များမှ မီးလောင်ရသည့် အကြောင်းအရင်း အတိအကျနှင့် ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နိုင်ရန် ဖူးခက်ခရိုင် မှုခင်းအထောက်အထားပြ ရဲတပ်ဖွဲ့ (Forensic Science Division) က ထိုနေရာကို ပိတ်ဆို့ကာ ယနေ့အထိ ဆက်လက်စစ်ဆေးနေဆဲ ဖြစ်သည်။







