Homeမေးမြန်းချက်“လူငယ်တွေချည်း စုစည်းထားတာဖြစ်လို့ ရုန်းကန်ရတဲ့ အားနည်းချက်၊ စိန်ခေါ်မှုတွေ ရှိနေတုန်းပဲဆိုပေမဲ့ တစ်ဖက်မှာလည်း ရလဒ်တွေကြောင့် တကယ့်ကို ဂုဏ်ယူစရာကောင်းတဲ့ ခြေလှမ်းတွေ ဖြစ်ခဲ့ပါတယ်ခင်ဗျာ။” ‌ မွန်သွေးတပ်တော်...

“လူငယ်တွေချည်း စုစည်းထားတာဖြစ်လို့ ရုန်းကန်ရတဲ့ အားနည်းချက်၊ စိန်ခေါ်မှုတွေ ရှိနေတုန်းပဲဆိုပေမဲ့ တစ်ဖက်မှာလည်း ရလဒ်တွေကြောင့် တကယ့်ကို ဂုဏ်ယူစရာကောင်းတဲ့ ခြေလှမ်းတွေ ဖြစ်ခဲ့ပါတယ်ခင်ဗျာ။” ‌ မွန်သွေးတပ်တော် ပြောရေးဆိုခွင့်ရှိသူ မင်းယော့ဒ်စနွန်

-

စစ်အာဏာရှင်ကို တိုက်ဖျက်ချေမှုန်းနေသည့် မွန်တော်လှန်ရေးအဖွဲ့အစည်းများကြား အသစ်ဖွဲ့စည်းထားသည့် မွန်သွေးတပ်တော် (Mon Blood Army) တွင် လူငယ်များ၏ စိတ်ဝင်စားမှုနှင့် ပူးပေါင်းပါဝင်မှုများ မည်သို့ရရှိနေကြောင်း၊ စစ်ရေးဆိုင်ရာ လိုအပ်ချက်များကို မည်သို့ဖြေရှင်းဆောင်ရွက်နေသည်ကို သိရှိရန် မွန်သွေးတပ်တော် ပြောရေးဆိုခွင့်ရှိသူ မင်းယော့ဒ်စနွန်ကို IMNA မှ ဆက်‌သွယ်မေးမြန်းထားသည်။ 

မေး။ ။ လူငယ်တွေဦးဆောင်ဖွဲ့စည်းထားတဲ့ မွန်သွေးတပ်တော်မှာ အခုဆိုရင် လူငယ်တွေရဲ့ ပူးပေါင်းပါဝင်မှု အခြေအနေက ဘယ်လိုရှိလဲ။

ဖြေ။ ။ ဟုတ်ကဲ့၊ မွန်သွေးတပ်တော်ဟာ စတင်ဖွဲ့စည်းချိန်ကတည်းက အခုထက်ထိ လူငယ်တွေရဲ့ စိတ်ဝင်စားမှုနဲ့ ထောက်ခံမှုကို အများကြီး ရရှိထားပါတယ်။ လူငယ်တွေကိုယ်တိုင် ဦးဆောင်တဲ့ တပ်တော်ဖြစ်တဲ့အတွက် ထူးခြားချက်အနေနဲ့ ပြည်တွင်းက လူငယ်တွေဟာ တော်လှန်ရေးထဲကို လက်နက်ကိုင်ပြီး ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ဆင်နွှဲလာကြသလို၊ ပြည်ပရောက် လူငယ်တွေကလည်း လက်နက်အင်အား၊ စစ်အင်အားနဲ့ ရိက္ခာပိုင်းဆိုင်ရာတွေကို အဘက်ဘက်ကနေ ဝိုင်းဝန်းဖြည့်ဆည်း ပံ့ပိုးပေးနေကြပါတယ်ခင်ဗျာ။

ပုံ-မွန်သွေးတပ်တော် 

မေး။ ။ မွန်သွေးတပ်တော်မှာ တပ်သားသစ် ကြိုဆိုပွဲလုပ်နေတာလည်းရှိတော့လေ အသစ်ဝင်လာတဲ့ တပ်သားသစ်တွေအတွက် စစ်သင်တန်းတွေရယ်၊ သူတို့ရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေအတွက်ရော ဘာတွေစီစဉ်ပေးထားတာရှိလဲ။

ဖြေ။ ။ အဖွဲ့ကို လာရောက်ပူးပေါင်းတဲ့ လူငယ်တွေအားလုံးကို အရင်ဦးဆုံး စစ်သင်တန်း တက်ခိုင်းပါတယ်။ ဘာလို့လဲဆိုတော့ တိုက်ပွဲဝင်ဖို့အတွက် အခြေခံစစ်သင်တန်းက မရှိမဖြစ် လိုအပ်လို့ပါပဲ။ အထူးသဖြင့် စစ်ရေးအတွေ့အကြုံ မရှိသေးတဲ့သူတွေကို စစ်သင်တန်း အရင်ပေးပါတယ်။ ပြီးရင်တော့ သူတို့ အားသန်ပြီး ကျွမ်းကျင်မယ့် ဌာနအသီးသီးမှာ တာဝန်ခွဲဝေချထားပေးပြီး အကောင်အထည်ဖော်နိုင်အောင် ပံ့ပိုးပေးပါတယ်။

ဒါ့အပြင် လွတ်မြောက်နယ်မြေမှာဖြစ်ဖြစ်၊ ပြည်ပမှာဖြစ်ဖြစ် လိုအပ်ချက်အရ ရေတိုသင်တန်း (Short-term courses) နဲ့ ရေရှည်သင်တန်း (Long-term courses) တွေ တက်ရောက်နိုင်ဖို့လည်း စီစဉ်ထားပါတယ်။ ဌာနအလိုက် သက်ဆိုင်ရာသင်တန်းတွေ အများကြီးရှိတဲ့အထဲက ဥပမာအနေနဲ့ ပြောရရင် Cybersecurity အပိုင်းမှာဆိုရင် နည်းပညာကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မယ့် သင်တန်းမျိုးတွေ ပေးပါတယ်။ ခြုံပြောရရင်တော့ ကျနော်တို့ရဲ့ စစ်သင်တန်းတွေက တခြားသော တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပုံစံချင်း ထပ်တူပါပဲခင်ဗျ။

မေး။ ။ နောက်တစ်ချက်က တပ်သားသစ်တွေ ပိုတိုးလာတာနဲ့အမျှ တပ်ရဲ့ ဘဏ္ဍာရေးပိုင်း၊ လက်နက်ခဲယမ်းအပိုင်းတို့နဲ့ တခြားစစ်ရေးဆိုင်ရာ လိုအပ်ချက်တွေ ဘယ်လိုအခြေအနေရှိလဲ။

ဖြေ။ ။ တော်လှန်ရဲဘော်အသစ်တွေ တိုးလာတာနဲ့အမျှ လက်နက်အင်အားနဲ့ ဘဏ္ဍာရေးပိုင်း လိုအပ်ချက်တွေကတော့ တကယ်ကို လိုအပ်သထက် ပိုပြီး လိုအပ်လာပါတယ်ဗျာ။ လောလောဆယ် အဆင်ပြေအောင်တော့ ကျနော်တို့ဘက်က ကြိုးစားပြီး ပြင်ဆင်ဖြေရှင်းနေတာရှိပေမဲ့ ဘဏ္ဍာရေးနဲ့ လက်နက်ခဲယမ်း ဖြည့်ဆည်းမှုအပိုင်းမှာတော့ လိုအပ်ချက်တွေ အများကြီးရှိနေဆဲပါပဲ။

မေး။ ။ မွန်သွေးတပ်တော်အနေနဲ့ တခြားသော တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှု အခြေအနေတွေ ဘယ်လိုရှိလဲ။

ဖြေ။ ။ စစ်ရေးအရ တခြားအဖွဲ့အစည်းတွေနဲ့ လက်တွဲလှုပ်ရှားနေတာမျိုး ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအရကတော့ ဘယ်အဖွဲ့အစည်းရဲ့ ဦးဆောင်မှုအောက်မှာမှ မရှိဘဲ သီးခြားလွတ်လပ်စွာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း စစ်ရေးအရရော၊ နိုင်ငံရေးအရပါ တခြားတော်လှန်ရေး အင်အားစုအချို့နဲ့ ပူးတွဲဆောင်ရွက်သွားဖို့ ရှိပါတယ်။ အဓိကကတော့ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နေတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ကျနော်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းလို့ပဲ ခံယူထားပါတယ်ခင်ဗျာ။

မေး။ ။ မွန်သွေးတပ်တော်က နိုင်ငံရေးထက် စစ်ရေးကို ပိုပြီးဦးစားပေးတဲ့တပ်လို့ သိထားတယ်။ ဆိုတော့ လက်ရှိ စစ်ရေးလှုပ်ရှားမှုပိုင်းမှာရော ဘယ်လောက်အထိ အားရကျေနပ်မှု ရှိလဲ။

ဖြေ။ ။ ကျနော်တို့က စတင်တည်ထောင်ခါစ အစပိုင်းကာလပဲ ရှိသေးတာမို့လို့ စစ်ရေးလှုပ်ရှားမှုတွေမှာ ထင်သလောက် ခရီးမပေါက်သေးတာမျိုးတွေတော့ ရှိပါတယ်။ ဒါ့အပြင် လက်နက်ခဲယမ်းပိုင်းမှာလည်း လိုအပ်ချက်တွေ အများကြီး ရှိနေသေးတာကြောင့်လည်း ပါပါတယ်။ အခုမိုးတွင်းကာလမှာတော့ တိုက်ပွဲဖော်ဆောင်မှုတွေကို အနည်းငယ် လျှော့ချထားပါတယ်ဗျာ။ ဒီအချိန်မှာ ကျနော်တို့ လက်နက်အင်အား၊ စစ်အင်အား စုဆောင်းတာနဲ့ ရဲဘော်တွေအတွက် လိုအပ်တဲ့ သင်တန်းတွေ ပို့ချတာကိုပဲ အဓိက ဦးစားပေး လုပ်ဆောင်သွားဖို့ ရှိပါတယ်ခင်ဗျ။

မေး။ ။ အခုဆိုရင် မွန်သွေးတပ်တော်ကို ဖွဲ့စည်းတည်ထောင်ထားတာ နှစ်ဝက်လောက် ရှိခဲ့ပြီပေါ့နော်။ ဒီကာလအတွင်းမှာ တပ်ရဲ့ဆောင်ရွက်ချက်တွေအပေါ် ဘယ်လောက်အထိ အားရကျေနပ်မှုရှိလဲ။

ဖြေ။ ။ ဒီလိုလပိုင်းအနည်းငယ်အတွင်းမှာပဲ တိုက်ပွဲတွေ ဖော်ဆောင်နိုင်ခဲ့တာမျိုးရှိသလို၊ တခြားသော မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ရှေ့တန်းစစ်မျက်နှာတွေ ဖွင့်လှစ်နိုင်ခဲ့တဲ့အထိ လုပ်ဆောင်နိုင်ခဲ့တာကြောင့် ပါဝင်တဲ့ ရဲဘော်အားလုံးကို တကယ်ပဲ ဂုဏ်ယူမိပါတယ်ဗျာ။ ကျနော်တို့က လူငယ်တွေချည်းပဲ စုစည်းထားတာဖြစ်လို့ ရုန်းကန်ရတဲ့ အားနည်းချက်၊ စိန်ခေါ်မှုတွေ ရှိနေတုန်းပဲဆိုပေမဲ့ တစ်ဖက်မှာလည်း ရလဒ်တွေကြောင့် တကယ့်ကို ဂုဏ်ယူစရာကောင်းတဲ့ ခြေလှမ်းတွေ ဖြစ်ခဲ့ပါတယ်ခင်ဗျာ။

မေး။ ။ အခုတလော စစ်တပ်ဘက်က မြန်မာပြည်တောင်ပိုင်းမှာရှိတဲ့ တော်လှန်ရေးတပ်စခန်းတွေအပါအဝင် အရပ်သားပြည်သူတွေကိုပါ လေကြောင်းကနေ ပိုပြီး တိုက်ခိုက်လာတာ တွေ့ရပါတယ်။ စစ်တပ်ရဲ့ ဒီလိုလုပ်ဆောင်ချက်တွေအပေါ် ဘယ်လိုထင်မြင်ပါသလဲ။

ဖြေ။ ။ ဟုတ်ကဲ့၊ စစ်တပ်ဘက်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကို ခပ်စိပ်စိပ် ပိုလုပ်လာတာ တွေ့ရပါတယ်။ ကျနော့်အမြင်ကတော့ ဒါဟာ သူတို့ရဲ့ ရက် (၁၀၀) စီမံကိန်းအရ တော်လှန်ရေးအဖွဲ့တွေကို လက်နက်ချ အလင်းဝင်ဖို့အတွက်ပါပဲ။ လက်နက်မချရင် ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ခြိမ်းခြောက်တဲ့ စစ်ဆင်ရေးလုပ်နေတာပါ။ ဒါပေမဲ့ သူတို့ ဘယ်လိုပဲ ခြိမ်းခြောက်ပါစေ၊ ဘယ်တော်လှန်ရေးအဖွဲ့အစည်းကမှ လက်နက်ချ အလင်းဝင်မှာ မဟုတ်ပါဘူး။ ဟိုအဖွဲ့က လက်နက်ချတယ်၊ ဒီအဖွဲ့က အလင်းဝင်တယ် ဆိုပြီး သတင်းအမှားတွေနဲ့ လုပ်နေပေမဲ့လည်း မြေပြင်မှာ ဘယ်သူကမှ ဒါကို အလေးမထားသလို၊ ဘယ်သူကမှလည်း သူတို့ကို လုံးဝမယုံကြည်ပါဘူးခင်ဗျာ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts