တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နှင့် မလိဝမ်းခဲမိုင်းလုပ်ကွက်နေရာကြားရှိ ဥယျာဉ်ခြံအတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်ကော်မရှင်စစ်ကြောင်းအဖွဲ့ အလစ်ဝင်တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။
ကောင်းသောင်းနှင့် ခမောက်ကြီးတပ်နယ်မှ အင်အား ၂၀၀ ခန့် ရှိသည့် စစ်ကြောင်း ၃ ကြောင်းက မေလ ၂၅ ရက်နေ့မှစတင်ပြီး မလိဝမ်းနှင့် မာရမ်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးရန် စတင်ထွက်ခွာ လာချိန်မှစ၍ တော်လှန်ရေးတပ်ဖွဲ့များ သတင်းရရှိထားကြောင်း ဆိုသည်။
အဆိုပါစစ်ကြောင်းများသည် မလိဝမ်းကျေးရွာသို့ ဝင်ရောက်စစ်ကြောင်းထိုးရန် ဥယျာဉ်ခြံအတွင်း တပ်သားအင်အား ၇၀ ခန့် တပ်စွဲထားစဉ် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တနင်္သာရီတိုင်း (ပကဖ) တိုက်ခိုက်ရေးတပ်ရင်းမှ ဇွန်လ၊ ၁ ရက်နေ့ ညနေ ၅ နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်ဘက်မှ ဗိုလ်မှူးအပါအဝင် ၁၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး တပ်သား ၄ ဦးတို့ ဆုတ်ခွာရာလမ်းတွင် သေဆုံးခဲ့ရကြောင် ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုကျားကြီးက ပြောသည်။

“ ကျနော်တို့က ပိတ်ဆို့တိုက်ခိုက်နေတော့ သူတို့က အဲဥယျာဉ်ခြံကနေ ထွက်မနိုင်ဘူး။ အဲဒီဥယျာဉ်ခြံမှာ သူတို့ရှိတဲ့အချိန်မှာတော့ ဥယျာဉ်ခြံထဲက ပြည်သူနေအိမ်တွေကို ပျက်စီးတယ်၊ မွှေနှောက်ခိုးယူစားသုံးနေကြတယ်။ တိုက်ခိုက်တော့ ဒဏ်ရာရကြပြီး ဆွဲထုတ်ပြေးကြတယ် ” ဟု သူက ဆိုသည်။
တိုက်ခိုက်မှု နာရီဝက်ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်မှ ဆုတ်ခွာခဲ့သော်လည်း ပြန်လည်ဝင်ရောက်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ရေးအသိရှိကြရန် ကိုကျားကြီးက တိုက်တွန်းပြောဆိုသည်။
“အခုက စကစအနေနဲ့က စစ်ရေးအရ သူတို့အသားစီရဖို့အတွက် နည်းမျိုးစုံနဲ့ အကြမ်းဖက်လုပ်ရပ် တွေ လုပ်နေတယ်။ ဒါကြောင့် သူတို့စစ်ကြောင်းထိုးလာချိန်မှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးမခေါ်ဆောင် သွားရအောင် သူတို့နဲ့ အဝေးဆုံးနေရာကို နေပါ၊ ရှောင်ကြည်ကြပါ။ ဒီဒေသကလူတွေလည်း စစ်ရေး အသိ၊ သတိ အမြဲရှိကြပါလို့ပြောချင်ပါတယ်” ဟု ကိုကျားကြီး ဆက်ပြောသည်။
ကော့သောင်းမြို့နယ်သည် တော်လှန်ရေးလှုပ်ရှားမှု အားကောင်းသည့် နယ်မြေဒေသဖြစ်ပြီး စစ်ကော်မရှင်လက်အောက်ခံအဖွဲ့များ ဖြစ်ကြသည့် ကျေးရွာအုပ်ချူပ်ရေးမှူးများ၊ ပြည်သူ့စစ်များ၊ သတင်းပေး(ဒလန်) များ မကြာခဏ ရှင်းလင်းခံနေရသလို ထိတွေ့တိုက်ပွဲလည်း မကြာခဏ ဖြစ်ပွားနေသည်။
အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းများကြောင့် ဥယျာဉ်ခြံမြေအတွင်းမှ တောတောင်အထိ ထွက်ပြေးတိမ်းရှောင်နေရသူ ၁၀၀ ဦးထက်မနည်းရှိပြီး နေအိမ်သို့ ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်းလည်း သိရသည်။



