မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကျုံဟော်ကျေးရွာအနီးရှိ ရင်းငြိမ်ရေထိန်းတံခါးမှ နှစ်စဉ်ကြုံနေရသည့် ရေစီးရေလာကိစ္စ သက်ဆိုင်ရာ တာဝန်ရှိသူများ ထိရောက်သောဖြေရှင်းနည်းဖြင့် ဖြေရှင်းဆောင်ရွက်စေလိုကြောင်း ဒေသခံတောင်သူများက ဆိုသည်။
ပေါင်တောင်သူများအတွက် နှစ်စဉ်ကြုံတွေ့နေရသည့် ပြဿနာတစ်ရပ်ဖြစ်ပြီး ချောင်းအတွင်း ရေစီးဆင်းမှု အခြေအနေနှင့်ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်ရေးနှင့် မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများထံ အကြိမ်ကြိမ် တိုင်ကြားတောင်းဆိုသော်လည်း အချိန်မီဆောင်ရွက်ပေးခြင်းမရှိကြောင်း သိရသည်။
ထိရောက်သည့် ဖြေရှင်းနည်း မရှိသရွေ့ မျိုးစပါးနှင့် စိုက်ပျိုးစရိတ်များ ထပ်မံဆုံးရှုံးရအုံးမည်ဖြစ်သည်ဟုလည်း ပေါင်ဒေသခံတောင်သူတစ်ဦးက IMNA သို့ ပြောသည်။

“နှစ်တိုင်း ဒီလိုကြုံနေရတယ်။ တိုင်ကြားတာလည်း အကြိမ်ကြိမ်ရှိပြီးသား။ လုပ်ပေးတာတော့ရှိတယ်၊ ဒါပေမဲ့ နောက်ကျနေတော့ တောင်သူတွေရဲ့ စပါးတွေ ပျက်စီးပြီးမှ ဖြစ်တယ်။ ကြိုတင်ပြင်ဆင်ပေးတာမျိုး မရှိဘူး။ မျိုးစပါးလည်း ဆုံးရှုံးတယ်၊ စရိတ်လည်း ထပ်ကုန်တယ်။ တောင်သူတွေအတွက် တော်တော်ခက်တယ်” ဟု ပြောသည်။
ယခုနှစ်တွင်လည်း နွေစပါးအတွက် အခြောက်ကြဲစနစ်ဖြင့် စိုက်ပျိုးထားသည့် ဖလပ်ကျေးရွာ၊ တပ်မှူးချောင်းကျေးရွာနှင့် ကျုံဟော်ကျေးရွာမှ စပါးများ ရေစီးရေလာ အားနည်းနေခြင်းကြောင့် လယ်ကွက်များတွင် ရေများတင်ကျန်နေခဲ့ပြီး စပါး ဧကသောင်းနှင့်ချီ ပျက်စီးနေကြောင်း သိရသည်။
“မိုးဆက်တိုက်ရွာတော့ လယ်ထဲမှာ ရေတင်နေတယ်။ အဓိကက ချောင်းမှာ ရေစီးလမ်းပိတ်သလို ဖြစ်နေတယ်။ အခြောက်ကြဲထားတဲ့ မျိုးတွေက ရေများလွန်းတော့ မပေါက်နိုင်ဘဲ သေကုန်တယ်” ဟု ဖလပ်ကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။
ဒေသခံများ၏ ပြောကြားချက်အရ ရင်းငြိမ်ရေထိန်းတံခါးမှ ပင်လယ်ထွက်ပေါက်အထိ ချောင်းအတွင်း နုန်းအနည်အနှစ်များ ပိတ်ဆို့နေပြီး အဆိုပါ ပိတ်ဆို့နေသည့် နေရာသည် အရှည် ၇ မိုင်ခန့်နှင့် အမြင့် ၁၆ ပေခန့်ရှိကြောင်း သိရသည်။
လက်ရှိတွင် လယ်ကွက်အချို့၌ ရေစုတ်စက်များဖြင့် ရေထုတ်နေကြပြီး အခြောက်ကြဲစနစ်ဖြင့် စိုက်ပျိုးထားသည့် လယ်ကွက်အများစုမှာ ပျက်စီးသွားသဖြင့် အစိုကြဲစနစ်ဖြင့် ပြန်လည်စိုက်ပျိုးရန် ပြင်ဆင်နေကြသော်လည်း ရေမကျသေးသဖြင့် အခက်အခဲများ ဆက်လက်ကြုံတွေ့နေရကြောင်း သိရသည်။
ရင်းငြိမ်ရေထိန်းတံခါးနှင့် ဆက်စပ်သည့် ရေစီးရေလာပြဿနာကို ဒေသခံတောင်သူများ နှစ်စဉ်နီးပါး ကြုံတွေ့နေရသော်လည်း ယခင်အရပ်သားအစိုးရလက်ထက်ကတည်းက ယနေ့အချိန်အထိ ထိရောက်သည့် ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်းလည်း ဒေသခံများက ပြောသည်။
စိုက်ပျိုးရေးဌာန၏ စာရင်းများအရ ပေါင်မြို့နယ်အတွင်း ယခုနှစ် မိုးစပါးစိုက်ဧက ၁၃၂,၆၉၄ ဧကရှိကြောင်း သိရသည်။




