Homeသတင်းစစ်ဘေးရှောင်နေသည့် မောတောင်ဒေသခံများ နေရပ်ပြန်ရန် စစ်တပ်ခေါ်ဆောင်

စစ်ဘေးရှောင်နေသည့် မောတောင်ဒေသခံများ နေရပ်ပြန်ရန် စစ်တပ်ခေါ်ဆောင်

-

ထိုင်း- မြန်မာနယ်စပ် တနင်္သာရီတိုင်း မောတောင်မြို့ကို နယ်မြေရှင်းလင်းရေးဆက်လက်လုပ်ဆောင်နေသည့် စစ်တပ်အဖွဲ့မှ စစ်ဘေးရှောင်နေသည့် ဒေသခံများ နေရပ်ပြန်ရန် ခေါ်ဆောင်နေကြောင်း ဒေသအတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ပြန်လည်ထိန်းချုပ်ထားနိုင်သည့် ရက်မှစ၍ မောတောင်မြို့အတွင်းကို စစ်တပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် လုံခြုံရေးတင်းကြပ်စွာ ချထားပြီး ‌ဒေသခံများကို ရိုက်နှက် ဖမ်းဆီးစစ်ဆေးခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ မိုင်းဖြင့် ဖောက်ခွဲခံခဲ့ရသည့် တံတားနှင့် ၎င်းတို့၏ တပ်စခန်းကို ပြုပြင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ထို့အပြင် မောတောင်မြို့ကို ပြန်လည်သိမ်းပိုက်ပြီးနောက် နယ်စပ်လူမှုစီးပွားဘဝများ ပြန်လည်စတင်နိုင်ပြီဖြစ်သဖြင့် စစ်ဘေးရှောင် ဒေသခံများကို နေရပ်ပြန်ရန် ခေါ်ဆောင်နေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“အခုသူတို့နယ်မြေရှင်းလင်းနေတယ် အင်းအားအလုံးအရင်းနဲ့ လုံခြုံရေးတင်းကြပ်ထားတယ်။ လက်နက်ကြီးပစ်တယ်။ ဒေသခံတွေ ဖမ်းဆီးစစ်ဆေးတယ် ရိုက်နှက်တယ် ‌ပျက်စီးနေတဲ့ တံတားတွေကို ပြန်ပြီး ပြင်နေတယ် သူတို့တပ်စခန်းတွေရော ကရိန်းကားတွေ သံဂျက်ကားတွေ တက်လာနေတယ် ပစ္စည်းတင်ကားတွေ မျိုးစုံပဲကားက အင်အားတော်တော်သုံးထားတယ်။ နေရပ်ပြန်ဖို့ ဒေသခံကိုခေါ်နေတယ်။ ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

နယ်စပ်ကုန်သွယ်ရေး လုပ်ဆောင်နိုင်မည်မဟုတ်သည့်အပြင် မြို့ပတ်ဝန်းကျင်နှင့် လမ်းကြောင်းတစ်လျှောက်တွင် တော်လှန်ရေးပူးပေါင်းတပ်များရှိနေဆဲဖြစ်သဖြင့် စစ်ရတင်းမား‌နေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင် စစ်မှ မောတောင်မြို့သို့ စစ်ကြောင်းထိုးစဉ် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံ ၁၀၀ ကျော်မှ ဒေသခံအချို့သည် ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

၎င်းအပြင် တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုးမှုကြောင့် ပြီးခဲ့သည့်ဧပြီလအတွင်းမှစ၍ မောတောင်မြို့ပေါ်ရပ်ကွက်များအပါအဝင် ကျေးရွာ ၁၄ ထက်မနည်း ဒေသခံပြည်သူ ၄၇၀၀ ကျော် ယနေ့အထိ စစ်ဘေးရှောင်နေရဆဲဖြစ်သည်။

ထိုစစ်ဘေးရှောင်ဒေသခံများသည် လက်ရှိတွင် ထိုင်းဘက်သို့ ထွက်ပြေးတိမ်ရှောင်နေသူများရှိသလို ထိုင်း-မြန်မာနယ်စပ်အနီးနှင့် တောတောင်ဥယျာဉ်ခြံများတွင် ဘေးလွတ်ရာ တိမ်းရှောင်နေသည်။

စစ်ဘေးရှောင်ဒေသခံများအတွက် ဆေးဝါး၊ အမိုးအကာနှင့် စားနိပ်ရိက္ခာများ အကူအညီများစွာ လိုအပ်နေကြောင်း စစ်ဘေးရှောင်အကူအညီပေးနေသူတစ်ဦးက ပြောသည်။

“အခုက စစ်ရှောင် ၄၇၀၀ ကျော်က ကျနော်တို့ ရရှိထားတဲ့ စာရင်းပေါ့နော် လူတွေက ပြန့်ကြဲနေတာ၊ ဟိုတစု ဒီတစုဖြစ်နေတယ်။ အသက်ကြီးရွယ်အိုတွေ မသန်စွမ်းတွေအတွက်ကတော့ ဆေးတွေလိုအပ်နေတယ်။ အခုက မိုးဆိုတော့ မိသားစုနှစ်စု သုံးစု စုပြီးနေနေရတယ်။ အဆင်ပြေသလို လုပ်ပေးထားရတာ” ဟု စစ်ဘေးရှောင်အကူအညီပေးနေသူတစ်ဦးက ဆိုသည်။

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးအရ အရေးပါသည့် မောတောင်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီးနောက် ယမန်နေ့ မေ ၂၉ ရက်နေ့တွင် စစ်တပ်မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts