Homeဆောင်းပါးနယ်မြေဒေသလား၊ လူမျိုးလား? မင်းအောင်လှိုင်၏ ဖက်ဒရယ်အမြင်နှင့် ပြည်သူ့ဆန္ဒ ကွာဟချက်

နယ်မြေဒေသလား၊ လူမျိုးလား? မင်းအောင်လှိုင်၏ ဖက်ဒရယ်အမြင်နှင့် ပြည်သူ့ဆန္ဒ ကွာဟချက်

-

မာံသဟာဲ (မင်းစဟိုင်း) ရေးသားသည်။

🔘ပဏာမ

မြန်မာနိုင်ငံ၏ နာတာရှည်နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော ပြည်ထောင်စုတစ်ရပ် တည်ဆောက်ရန်အတွက် “ဖက်ဒရယ်စနစ်” သည် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်သည်ဟူသော အချက်ကို ယနေ့ခေတ်တွင် မြန်မာ့အကြမ်းဖက်တပ်မတော်အပါအဝင် နိုင်ငံရေးအင်အားစုအားလုံးနီးပါးက လက်ခံလာကြသည်။ သို့သော်လည်း လက်တွေ့တွင် “မည်သို့သော ဖက်ဒရယ်ပုံစံမျိုး ဖြစ်သင့်သနည်း” ဟူသည့် အခြေခံယူဆချက်နှင့် ပတ်သက်လာလျှင်မူ ဗဟိုအာဏာရှင်စနစ်ကို ဆုပ်ကိုင်လိုသူများနှင့် စစ်မှန်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လိုလားသော တိုင်းရင်းသားပြည်သူများအကြား တိုင်းတာ၍မရနိုင်လောက်အောင် ကြီးမားလှသော ကွာဟချက်များ ရှိနေဆဲဖြစ်သည်။

မကြာသေးမီ (မေလ ၂၆)က ကျင်းပခဲ့သည့် အတုအယောင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် အာဏာသိမ်းစစ်သမ္မတ ဦးမင်းအောင်လှိုင်၏ ပြောကြားချက်သည် ယင်းကွာဟချက်ကို အထင်အရှား မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်။ ၎င်းက “ဖက်ဒရယ်ဟုဆိုရာတွင် နယ်မြေဒေသကိုပေးသည့် ဖက်ဒရယ်ဖြစ်ပြီး လူမျိုးကိုပေးသည့် ဖက်ဒရယ်မဟုတ်သည်ကို သိရှိနားလည်ရန်လိုကြောင်း” ပြတ်ပြတ်သားသား ကန့်သတ်ပြောဆိုခဲ့သည်။ ဤပြောကြားချက်သည် စစ်တပ်က နှစ်ပေါင်းများစွာ အမြစ်တွယ်လာခဲ့သည့် ‘ဗဟိုချုပ်ကိုင်မှု သီအိုရီ’ ကို ဖက်ဒရယ်ခေါင်းစဉ်အောက်တွင် ပုံစံပြောင်းလဲကာ ဆက်လက်အသက်သွင်းရန် ကြိုးပမ်းခြင်းသာ ဖြစ်သည်။

သို့သော် ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာန (RICE) ၏ “ဖက်ဒရယ်ခရီး… ပြည်သူများ၏ ဖက်ဒရယ်အပေါ်အမြင် သုတေသနစာတမ်း” ပါ မြေပြင်စစ်တမ်း အချက်အလက်များနှင့် နိုင်ငံတကာ ဖြစ်စဉ်များကို ပြန်လည်ဆန်းစစ်ကြည့်လျှင် စစ်ခေါင်းဆောင်၏ အယူအဆသည် တိုင်းရင်းသား ပြည်သူလူထု၏ တကယ့်ဆန္ဒသဘောထားနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသည့်အပြင် ကမ္ဘာ့ဖက်ဒရယ်သမိုင်းကြောင်းနှင့်လည်း လွဲချော်နေကြောင်း တွေ့ရှိရသည်။

🔘လူမျိုးအခြေခံကို ပယ်ဖျက်ခြင်းနှင့် ၈၂ ရာခိုင်နှုန်းသော ပြည်သူ့ဆန္ဒ

မြန်မာနိုင်ငံ၏ ဖက်ဒရယ်ပဋိပက္ခ သမိုင်းကြောင်းကို ပြန်ကြည့်လျှင် တိုင်းရင်းသားများ အဓိက တောင်းဆိုလာခဲ့သည်မှာ ‘အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ ဖြစ်သည်။ လူမျိုးစုအလိုက် အခွင့်အရေးများကို မျက်ကွယ်ပြုပြီး နယ်မြေအခြေခံသက်သက်ဖြင့် ယူနစ်များခွဲဝေခြင်း (Geographic Federalism) သည် တိုင်းရင်းသားလူမျိုးများ၏ ဖြစ်တည်မှုနှင့် နိုင်ငံရေးမျှော်မှန်းချက်ကို ပိတ်ပင်ခြင်း ဖြစ်သည်။

သုတေသနစာတမ်း၏ စာမျက်နှာ (၁၃) ပါ တွေ့ရှိချက်အရ “အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတွင် ပြည်နယ် သို့မဟုတ် ဖက်ဒရယ်ယူနစ်များကို မည်သို့ဖွဲ့စည်းသင့်သနည်း” ဟူသော မေးခွန်းအပေါ် တိုင်းရင်းသားစုံလင်စွာ ပါဝင်သည့် ပြည်သူလူထု၏ ၈၂ ရာခိုင်နှုန်း က “လူမျိုး/လူမျိုးစုနှင့် ပထဝီဒေသ/နယ်မြေ အနေအထား နှစ်ခုစလုံးကို ပေါင်းစပ်အခြေခံ၍” သာ ဖွဲ့စည်းသင့်ကြောင်း ဖြေဆိုထားကြသည်။ ကျန်ရှိသော ၁၆ ရာခိုင်နှုန်းကမူ “လူမျိုးစုအခြေခံသက်သက်” ကိုသာ လိုလားကြသည်။

အရင်းအမြစ် – RICE Research Paper[i], September 2022

ဆိုလိုသည်မှာ ပြည်သူလူထု ၉၈ ရာခိုင်နှုန်းခန့်သည် အနာဂတ်ဖက်ဒရယ်ယူနစ်များတွင် ‘လူမျိုးစုဆိုင်ရာ အမှတ်သညာနှင့် အခွင့်အရေးများ’ ကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရန် တောင်းဆိုနေခြင်း ဖြစ်သည်။ သို့ဖြစ်ရာ စစ်ခေါင်းဆောင်၏ “လူမျိုးကိုပေးသည့် ဖက်ဒရယ်မဟုတ်” ဟူသော သတ်မှတ်ချက်သည် ပြည်သူ ၈၂% ကျော်၏ လိုလားချက်ကို ဗြောင်ကျကျ ဆန့်ကျင်ပယ်ဖျက်လိုက်ခြင်းပင် ဖြစ်သည်။

🔘နိုင်ငံတကာသင်ခန်းစာ (အိန္ဒိယနှင့် နိုင်ဂျီးရီးယား)

ကမ္ဘာ့နိုင်ငံရေး သမိုင်းတွင်လည်း လူမျိုးစုပေါင်းစုံ စုစည်းနေထိုင်သည့် နိုင်ငံများ၌ လူမျိုးစုဆိုင်ရာ အမှတ်သညာ (Identity) ကို အခြေမခံဘဲ နယ်မြေသက်သက်ဖြင့် ဖက်ဒရယ်နယ်နိမိတ် သတ်မှတ်ရန် ကြိုးပမ်းမှုများသည် ရေရှည်တွင် ကျရှုံးတတ်ကြောင်း ပြသနေသည်။

ဥပမာအားဖြင့် အိန္ဒိယနိုင်ငံ သည် ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရစတွင် နယ်မြေနှင့် စီမံခန့်ခွဲမှု အဆင်ပြေရေးကိုသာ ကြည့်ပြီး ပြည်နယ်များကို ဖွဲ့စည်းခဲ့သည်။ သို့သော်လည်း လူမျိုးစုနှင့် ဘာသာစကားဆိုင်ရာ တန်းတူညီမျှမှု မရှိသဖြင့် တိုင်းပြည်အနှံ့ ဆန္ဒပြပွဲများနှင့် ပဋိပက္ခများ အကြီးအကျယ် ဖြစ်ပွားခဲ့ရသည်။ နောက်ဆုံးတွင် အိန္ဒိယအစိုးရသည် ၁၉၅၆ ခုနှစ်၌ “ပြည်နယ်များ ပြန်လည်ဖွဲ့စည်းရေး အက်ဥပဒေ (States Reorganisation Act)” ကို ပြဋ္ဌာန်းကာ ပြည်သူတို့၏ ဘာသာစကားနှင့် လူမျိုးစုအလိုက် ပြည်နယ်နယ်နိမိတ်များကို ပြန်လည်ပြင်ဆင် သတ်မှတ်ပေးခဲ့ရမှသာ တိုင်းပြည် တည်ငြိမ်မှု ရရှိခဲ့သည်။

အလားတူပင် အာဖရိကတိုက်မှ နိုင်ဂျီးရီးယားနိုင်ငံ တွင်လည်း လူမျိုးစုကြီးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိအမှတ်မပြုဘဲ ဗဟိုက စစ်တပ်အုပ်ချုပ်ရေးဖြင့် နယ်မြေခွဲဝေမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဆယ်စုနှစ်ပေါင်းများစွာ ပြည်တွင်းစစ်နှင့် လူမျိုးစုအလိုက် သွေးထွက်သံယို ပဋိပက္ခများကို ယနေ့တိုင် ရင်ဆိုင်နေရဆဲ ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း တိုင်းရင်းသားလူမျိုးများ၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအရ တောင်းဆိုလာသည့် “လူမျိုးအခြေခံမူ” ကို လုံးဝပယ်ဖျက်ပြီး၊ စစ်ခေါင်းဆောင် လိုလားသလို နယ်မြေအခြေခံသက်သက် ဖက်ဒရယ်ကို အတင်းအကျပ် ပုံဖော်မည်ဆိုပါက ပဋိပက္ခသံသရာအတွင်း ပိတ်မိနေဦးမည်သာ ဖြစ်သည်။

🔘ဗဟိုချုပ်ကိုင်မှုစနစ်ဟောင်းကို ဖက်ဒရယ်ခေါင်းစဉ်တပ်ခြင်း

ဦးမင်းအောင်လှိုင်၏ အစည်းအဝေးတွင် “တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ” က တက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။ ဤသည်မှာ စစ်တပ်က စိတ်ကြိုက်ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လက်ရှိ တိုင်း (၇) တိုင်း၊ ပြည်နယ် (၇) ပြည်နယ် ပုံစံကိုပင် အပြောင်းအလဲမရှိ ဆက်လက်ထိန်းသိမ်းကာ ဗဟိုက ဗမာအများစုရှိရာ ဒေသများကို ချုပ်ကိုင်ထားလိုသည့် သဘောကို ပြသနေသည်။

သို့သော် ပြည်သူလူထု၏ အမြင်မှာ ထိုသို့မဟုတ်ပေ။ သုတေသနစစ်တမ်းအရ ဖြေဆိုသူ ၆၀ ရာခိုင်နှုန်း က လက်ရှိ တိုင်းဒေသကြီး (၇) တိုင်းကို ဖျက်သိမ်းပြီး ကျန်တိုင်းရင်းသားပြည်နယ်များနှင့် အဆင့်အတန်း တန်းတူညီမျှမှုရှိမည့် “ဗမာပြည်နယ်” တစ်ခုအဖြစ် သီးသန့်ဖွဲ့စည်းရန် သဘောတူထားကြသည်။ ပြည်သူများ လိုလားသည်မှာ ဗမာအပါအဝင် တိုင်းရင်းသားအားလုံး တန်းတူညီမျှမှုရှိသည့် ‘၈ ပြည်နယ်မူ’ ကဲ့သို့သော အနှစ်သာရရှိသည့် ဖက်ဒရယ်ပုံစံဖြစ်သည်။ စစ်တပ်ဘက်ကမူ ဗဟိုအာဏာရှင်စနစ်ဟောင်းကို ဖက်ဒရယ်ခေါင်းစဉ်တပ်၍ သက်ဆိုးရှည်အောင် ကြိုးစားနေခြင်းသာ ဖြစ်သည်။

🔘အာဏာ (၃) ရပ်နှင့် လုံခြုံရေးဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်

စစ်ခေါင်းဆောင်က ၎င်း၏မိန့်ခွန်းတွင် “လုံခြုံရေးအရ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းအောင် ဆောင်ရွက်ရမည်” ဟု ဆိုကာ တိုင်းရင်းသားလက်နက်ကိုင် (EAOs) များအား လက်နက်စွန့်လွှတ်ရန် တိုက်တွန်းသည့် သဘောကို ပြောကြားခဲ့သည်။ စစ်တပ်၏ မူဝါဒဖြစ်သော စစ်တပ်တစ်တပ်တည်းအောက်တွင်သာ ရှိရမည်ဟူသော ဗဟိုဦးစီးစနစ် (DDR) မူကို ဆက်လက်ဆုပ်ကိုင်ထားခြင်း ဖြစ်သည်။

သို့သော် စာတမ်းပါ အချက်အလက်များအရ ပြည်သူ ၉၀ ရာခိုင်နှုန်းကျော် က ဖက်ဒရယ်ပြည်ထောင်စုတွင် ပြည်နယ်တစ်ခုချင်းစီ၌ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာ (၃) ရပ် အပြည့်အဝ ရှိရမည်ဟု လိုလားကြသည်။ ထို့ပြင် ပြည်နယ်များတွင် ကိုယ်ပိုင်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းခွင့် (State Police သို့မဟုတ် ဒေသခံပြည်နယ်တပ်ဖွဲ့များ) ကိုယ်စီရှိရမည်ဟု လိုလားနေကြသည်။

ဥပမာအားဖြင့် ကမ္ဘာ့အောင်မြင်ဆုံး ဖက်ဒရယ်နိုင်ငံတစ်ခုဖြစ်သည့် အမေရိကန်ပြည်ထောင်စု (USA) တွင် ပြည်နယ် (State) တစ်ခုချင်းစီ၌ ကိုယ်ပိုင် ဥပဒေပြုခွင့်၊ အုပ်ချုပ်ခွင့်၊ တရားစီရင်ခွင့်များအပြင် State Police နှင့် အမျိုးသားအစောင့်တပ်ဖွဲ့ National Guard ဟူသော ကိုယ်ပိုင်လက်နက်ကိုင် စစ်ဘက်အဖွဲ့အစည်းများ ရှိကြသည်။ ဤသို့ ဒေသအလိုက် လုံခြုံရေးအာဏာကို ခွဲဝေပေးထားခြင်းကသာ စစ်မှန်သော ဖက်ဒရယ်၏ အနှစ်သာရ ဖြစ်သည်။

ပြည်သူများ၏အမြင်တွင် ပြည်နယ်များ၌ ကိုယ်ပိုင်လုံခြုံရေးနှင့် ကာကွယ်ရေးအာဏာ မရှိသရွေ့ စစ်မှန်သော ဖက်ဒရယ် မဖြစ်နိုင်ကြောင်း ခိုင်ခိုင်မာမာ သဘောပေါက်နေကြပြီ ဖြစ်သော်လည်း သမ္မတတက်လုပ်သော စစ်ခေါင်းဆောင်ကမူ ဗဟိုကသာ သေနတ်ပြောင်းဝကို ဆက်လက်ချုပ်ကိုင်ထားမည့် ‘အတုအယောင်ဖက်ဒရယ်’ ကိုသာ ပေးလိုနေသည်။

🔘နိဂုံး

အနှစ်ချုပ်ရလျှင် အာဏာသိမ်းစစ်သမ္မတ ဦးမင်းအောင်လှိုင် ပြောဆိုနေသည့် “နယ်မြေအခြေခံ ဖက်ဒရယ်” ဆိုသည်မှာ စစ်တပ်က ဗဟိုအာဏာနှင့် လက်နက်ကိုင်အာဏာအားလုံးကို ဆက်လက်မောင်ပိုင်စီးထားပြီး၊ တိုင်းရင်းသားများ၏ အမျိုးသားရေးအခွင့်အရေးများနှင့် တန်းတူညီမျှမှုကို မှေးမှိန်စေမည့် “အတုအယောင်ဖက်ဒရယ် (Pseudo-federalism)” သာ ဖြစ်သည်။

(RICE) ၏ သုတေသနစာတမ်းနှင့် နိုင်ငံတကာသင်ခန်းစာများက သက်သေပြနေသည်မှာ လူမျိုးစုပေါင်းစုံရှိသော နိုင်ငံတစ်ခုတွင် လူမျိုးစုအခွင့်အရေးနှင့် နယ်မြေဒေသကို ပေါင်းစပ်ထားသည့် စစ်မှန်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဖော်ဆောင်ပေးနိုင်မှသာလျှင် ငြိမ်းချမ်းရေး ရနိုင်မည်ဟူသော အချက်ပင်ဖြစ်သည်။ ပြည်သူ့ဆန္ဒနှင့် တိုင်းရင်းသားတို့၏ မျှော်လင့်ချက်များကို မျက်ကွယ်ပြု၍ စစ်အာဏာရှင်တို့ စိတ်ကြိုက်ပုံဖော်မည့် မည်သည့် ဖက်ဒရယ်စနစ်မဆိုသည် မြန်မာ့မြေပေါ်က နှစ်ပေါင်း (၇၀) ကျော် ပြည်တွင်းစစ်ပဋိပက္ခကို ဘယ်သောအခါမှ ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ကြောင်း အချက်အလက်များက သတိပေးလျက်ရှိပါသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts