တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တင်္နသာရီချောင်းမကြီးနံဘေးရှိ ကျောက်လုံးကြီးကျေးရွာအတွင်းရှိစစ်ကော်မရှင်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် မဟာမိတ်တော်လှန်ရေးပးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်သည်။
ကျောက်လုံးကြီးကျေးရွာအတွင်း နှစ်ပေါင်း ၂၀ ကျော် အခြေချတပ်စွဲထားသည့် တပ်စခန်းကို KNLA တပ်မဟာ(၄) ဗျူဟာအမှတ် (၁) ဦးဆောင်မှုဖြင့် K.N.D.Oတပ်ရင်း (၇) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မေလ ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်။
ကျောက်လုံးကြီးစခန်းသည် စစ်ကော်မရှင်တပ်၊ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၊ အမှတ် (၂) ဗျူဟာမှ နှစ်ပေါင်း (၂၀) ကျော်တပ်စွဲထားသည့် တပ်စခန်းတစ်ခုဖြစ်သည်ဟု KNU က ဆိုသည်။
၂၀၂၄ ခုနှစ် ဇွန်လတွင် KNLA တပ်မဟာ (၄) နှင့် မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်တို့က စစ်ကော်မရှင် “အောင်သာဝရစခန်း” ကို သိမ်းယူရရှိစဉ် ကျောက်လုံးကြီးစခန်းကို စစ်ကော်မရှင် တပ်များ စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင် သွားခဲ့သည်။
သို့သော်လည်း နောက်ပိုင်းတွင် ကျောက်လုံးကြီးစခန်း၌ စစ်ကော်မရှင် ခမရ (၄၃၃) တပ်ရင်းမှ အင်အား ၈၀ ကျော်ဖြင့် ဗျူဟာကာကင်းတခုအနေဖြင့် ပြန်လည်ဝင်ရောက် တပ်စွဲခဲ့သည်။
ကျောက်လုံးကြီးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အနီးနားရွာရှိ နေအိမ်နှင့် စာသင်ကျောင်းအဆောက်အဦးအချို့ ထိခိုက် ပျက်စီးမှုရှိသည်ဟု သိရသည်။
ကျောက်လုံးကြီးစခန်းသိမ်းတိုက်ပွဲတွင် စစ်ကော်မရှင်ထံမှ မြေမြှုပ်မိုင်းများ အပါအဝင် လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိကြောင်း KNU က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။



ပုံစာ – ကျောက်လုံးကြီးစခန်းသိမ်းတိုက်ပွဲတွင် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ – KNU)



