Homeသတင်းကြာအင်းဆိပ်ကြီးဒေသခံများ တန်ဖိုးကြီးပစ္စည်း ပျောက်ဆုံးမှု ဆက်တိုက်ဖြစ်နေသော်လည်း ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိ

ကြာအင်းဆိပ်ကြီးဒေသခံများ တန်ဖိုးကြီးပစ္စည်း ပျောက်ဆုံးမှု ဆက်တိုက်ဖြစ်နေသော်လည်း ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိ

-

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ဒေသခံများ၏ တန်ဖိုးကြီးပစ္စည်းများ ဆက်တိုက် ခိုးယူခံနေရသော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဖမ်းဆီးအရေးယူနိုင်မှု အားနည်းနေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလလယ်ပိုင်းမှစတင်ကာ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ထိန်းချုပ်ထားသည့် ဘုရားသုံးဆူမြို့အနီးတစ်ဝိုက်နှင့် မွန်ပြည်သစ်ပါတီ (NMSP-AD) ထိန်းချုပ်နယ်မြေတို့တွင် ဆိုင်ကယ်၊ နေအိမ်တွင်း တန်ဖိုးကြီးပစ္စည်းများ၊ လျှပ်စစ်ဝါယာကြိုးများနှင့် ရော်ဘာပြားများ ဆက်တိုက်ခိုးယူခံနေရသည်။

မွန်ပြည်သစ်ပါတီ (NMSP-AD) ထိန်းချုပ်ရာ တောင်ပေါက်ဒေသအတွင်းရှိ ဗိုလ်ကတော်၊ လှိုင်ကနီ၊ နှောင်ပရေ့၊ မျှင်ဝါကုန်းနှင့် လိပ်ပျော့ကျေးရွာတို့တွင် ဧပြီလလယ်ပိုင်းမှ မေလ ၂၀ ရက်နေ့အထိ ဆိုင်ကယ် အစီးရေ ၁၀ စီးထက်မနည်း ပျောက်ဆုံးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“အချို့ဆိုင်ကယ်တွေဆိုရင် အိမ်ထဲအထိဝင်ပြီး သော့ဖြုတ်ခိုးသွားတာ။ ဘယ်သူတွေ ခိုးသွားမှန်းလည်း မသိရဘူး။ ခိုးခံရပြီးရင် ပြန်မရကြတာက များတယ်။ လိပ်ပျော့ရွာမှာ ခိုးခံရတဲ့ ဆိုင်ကယ်တစ်စီးပဲ သာယာမွန်ရွာဘက် သွားတဲ့လမ်းမှာ ပစ်ထားခဲ့လို့ ပိုင်ရှင်က ပြန်ရလိုက်တယ်” ဟု အထက်ပါ ဒေသခံက ဆိုသည်။

ဆိုင်ကယ်ပိုင်ရှင်များအနေဖြင့် ပျောက်ဆုံးသွားသည့် မိမိတို့ဆိုင်ကယ်အချက်အလက်များကို သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်များတွင် တိုင်ကြားကာ ရှာဖွေဖမ်းဆီးပေးရန် တောင်းဆိုထားသော်လည်း လက်ရှိအချိန်အထိ ဖမ်းဆီးအရေးယူပေးနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ထိန်းချုပ်ထားသည့် ဘုရားသုံးဆူမြို့အပါအဝင် အနီးတစ်ဝိုက်ကျေးရွာများတွင်လည်း ဆိုင်ကယ်၊ လျှပ်စစ်ဝါယာကြိုးများနှင့် နေအိမ်တွင်းပစ္စည်းများ ပျောက်ဆုံးမှု ဆက်တိုက်ဖြစ်ပွားနေပြီး အများစုမှာ ပြန်လည်ရရှိခြင်း မရှိကြောင်း သိရသည်။

“ဒေသခံတွေက တာဝန်ရှိသူတွေသိအောင် အွန်လိုင်းပေါ်ကနေ တင်ပြနေကြပေမဲ့ အရေးယူဆောင်ရွက်ပေးတာ မရှိဘူး။ DKBA ကလည်း ဒီဘက်ကို အာရုံမစိုက်နိုင် ဖြစ်နေပုံရတယ်။ အဲဒါကြောင့် ပစ္စည်းပျောက်ရင် ပြီးသွားတာပဲ၊ စုံစမ်းရှာဖွေပေးတာမျိုး မရှိဘူး” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

ဖြစ်စဉ်တစ်ခုတွင် ဒေသခံတစ်ဦးက သူခိုးအား ကိုယ်တိုင်မြင်တွေ့ခဲ့သော်လည်း တစ်အိမ်ထောင်တည်းသာရှိနေခြင်း၊ အန္တရာယ်ပြုမည်ကို စိုးရိမ်ခြင်းတို့ကြောင့် အကူအညီမရဘဲ ဖြစ်ခဲ့ကြောင်း သိရသည်။

၎င်းအပြင် ဒေသခံများသည် ဖုန်းလိုင်းနှင့် WiFi လိုင်းများ မကောင်းသဖြင့် အရေးပေါ်အခြေအနေများတွင် အချင်းချင်းဆက်သွယ်ရန် အခက်အခဲရှိနေကြောင်း ဒေသခံများက ပြောသည်။

ယခုကဲ့သို့ ခိုးမှုများ ဆက်တိုက်ဖြစ်ပွားလာရခြင်းမှာ လက်ရှိ စားဝတ်နေရေး ခက်ခဲလာမှုကြောင့်ဖြစ်နိုင်သလို၊ ဒေသတွင်းသို့ အခြားဒေသမှ အမည်မသိလူစိမ်းများ ရောနှောဝင်ရောက်လာခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။

နယ်မြေစိုးမိုးထားသည့် အဖွဲ့အစည်းများအနေဖြင့် အဆိုပါ ခိုးမှုကျူးလွန်သူများကို ထိရောက်စွာ ဖမ်းဆီးအရေးယူပေးခြင်း မရှိပါက နောက်ဆက်တွဲအနေဖြင့် လမ်းသွားလမ်းလာများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာနိုင်သည့် လုယက်မှုများအထိ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြကြောင်းလည်း ဒေသခံများက ပြောဆိုနေကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts