မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းက ဒေသအချို့တွင် ညပိုင်း ဖမ်းဆီးခေါ်ဆောင်ခံရမှုများ၊ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခံရမှု ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေသည်။
ထိုသို့သော အကြမ်းဖက် လုပ်ရပ်များကြောင့် ဒေသခံပြည်သူလူထုများ နေ့စဉ်နှင့်အမျှ ထိတ်လန့်ကြောက်ရွံ့နေကြရပြီး စိတ်မလုံခြုံမှုများလည်း ခံစားနေရသည်။
ဒေသတွင်း ထိုကဲ့သို့သော ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားလာပြီးနောက် ရပ်ရွာအတွင်း ညပိုင်း လူအသွားအလာ မရှိသလောက် နည်းပါးသွားသည်ဟု ဒေသခံများက ဆိုသည်။

“အဲ့လိုအသံတွေကြားပြီးရင် ပြန်အိပ်ဖို့ အဆင်မပြေတော့ဘူး။ ကိုယ်က ဘာမှမလုပ်ထားပေမယ့် ကြောက်ရတာပဲလေနော်၊ အခြေအနေတွေကလည်း အရင်လိုမဟုတ်ဘူးလေ။ ဘယ်သူ့ကို ဖမ်းသွားမလဲ၊ ဘယ်သူအသတ်ခံရမလဲ၊ ဘယ်သူမှ မသိနိုင်ဘူး” ရေးဒေသခံ လူငယ် အမျိုးသမီးတစ်ဦးက ပြောသည်။
ကရင်ပြည်နယ်၊ ကော့ဘိန်းဒေသတွင်လည်း မေလ ၆ ရက်နေ့က ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦးကို ဒေသတွင်း လှုပ်ရှားနေသည့် ရာမညမွန်တပ်တော် RMA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။
မေလ ၅ ရက်နေ့ကလည်း ကော့ဘိန်းဒေသခံ အသက်ကြီးပိုင်း အမျိုးသားတစ်ဦး လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် သေဆုံးသွားခဲ့သေးသည်။
အလားတူ မွန်ပြည်နယ် မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်ဘက်တွင်လည်း နေအိမ်ထဲထိ ဝင်ရောက်ပြီး သေနတ်ဖြင့် ပစ်ခတ်သည့်ဖြစ်စဉ်များ၊ သတ်ဖြတ်ပြီး လမ်းတွင် အလောင်းစွန့်ပစ်ထားသည့်ဖြစ်စဉ်များသည် ဆက်တိုက် ဖြစ်ပွားခဲ့သည်။
မေလအတွင်း၌ပင် သတ်ဖြတ်ခံရမှုကြောင့် လူ ၇ ဦးထက်မနည်း သေဆုံးမှု ရှိခဲ့ပြီး ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိပေ။
“တစ်ယောက်ယောက် ပစ်သတ်ခံရပြီးဆို အရင်ကလို အရေးယူပေးမယ့် သူတွေ မရှိဘူး။ ကိုယ်ဖြစ် ကိုယ်ခံ အဲလိုဖြစ်နေတာ” ဟု အမျိုးသားတစ်ဦးက မုဒုံဒေသခံတစ်ဦးက ပြောသည်။
တဘက်တွင်လည်း စစ်ကော်မရှင်တပ် ပစ်ခတ်မှုကြောင့်လည်း လူသေဆုံးမှု ရှိခဲ့သည်။ ၎င်းအပြင် စစ်ကော်မရှင်တပ်က အရပ်သားပြည်သူများကို ဖမ်းဆီးပြီး အတင်းအဓမ္မ စစ်မှုထမ်းဆောင်စေခိုင်းခြင်းများလည်း ရှိနေသည်။
စစ်ကော်မရှင်တပ်နှင့် ၎င်းတို့ လက်အောက်ခံအဖွဲ့အစည်းများသည် အရပ်သားပြည်သူများကို ခြောက်လှန့်ပြီး တော်လှန်ရေးအဖွဲ့များကို ထောက်ပံ့သည် သို့မဟုတ် ဆက်စပ်သည်ဟူသော သံသယတစ်ခုတည်းဖြင့် အရပ်သားများကို နေအိမ်များအထိ လာရောက်ဖမ်းဆီးခြင်း၊ စစ်ကြောင်းထိုးစဉ် လမ်းပြအဖြစ် ဓားစာခံခေါ်ဆောင်သွားခြင်းနှင့် လမ်းဘေးတွင်ပင် လက်လွတ်စပယ် ပစ်သတ်စွန့်ပစ်ခြင်းများကို ကျူးလွန်နေကြသည်။
အခြားတစ်ဖက်တွင်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ လုပ်ဆောင်ချက်များသည် ဝေဖန်စရာနှင့် မေးခွန်းထုတ်စရာ ဖြစ်နေသည်။ စစ်တပ် သတင်းပေး၊ ဒလန်ဟု စွပ်စွဲကာ အရပ်သားများ၊ အုပ်ချုပ်ရေးမှူးများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လုပ်ကြံသတ်ဖြတ်သည့် ဖြစ်စဉ်များသည်လည်း ဒေသတွင်း မကြာခဏဖြစ်ပွားနေသည်။
ဖြစ်စဉ်အချို့သည် နိုင်ငံရေး၊ စစ်ရေးကိစ္စရပ်များကြောင့်တင်မကဘဲ ဒေသတွင်း အမြစ်တွယ်နေသည့် မူးယစ်ဆေးဝါးနှင့် လောင်းကစားကဲ့သို့သော ရာဇဝတ်မှု ကွန်ရက်များနှင့် တိုက်ရိုက်ပတ်သက်နေသည်လည်း တွေ့ရသည်။
စစ်အာဏာသိမ်းနောက်ပိုင်း ဒေသတွင်း တရားဥပဒေစိုးမိုးရေး လုံးဝပြိုလဲသွားခြင်းကို အခွင့်ကောင်းယူကာ လောင်းကစားဝိုင်းမျိုးစုံနှင့် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲမှုများ မှိုလို ပေါက်ပွားလာခဲ့သည်။
“ပြန်ကြည့်မယ်ဆိုရင် မူးယစ်ဆေးဝါးအမှုတွေ၊ စစ်တပ်ရဲ့ လူတွေ၊ နောက်ကွယ်မှာ ကျနော်မသိနိုင်တဲ့အမှုတွေလည်း ရှိမယ်။ လူ့အခွင့်အရေးအရ ပြန်ကြည့်ရင် တရားဥပဒေစိုးမိုးမှုတွေ နည်းလာတာ၊ မရှိတော့တာတွေကြောင့်ပေါ့နော်၊ ဒါတွေရဲ့အကျိုးသက်ရောက်မှုတွေက ဘယ်သူ့ဆီမှာခံစားနေလဲဆိုရင် ပြည်သူတွေပဲ။ နေထိုင်၊ စားသောက်၊ သွားလာတာအစ လုံခြုံမှုမရှိတော့ဘူး။ သူတို့ရဲ့ နေ့စဉ်ဘဝအတွက် စိုးရိမ်နေရတယ်” ဟု လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် ပြိုလဲသွားသည့် တရားဥပဒေစိုးမိုးမှု၏ နောက်ဆက်တွဲရလဒ်အဖြစ် လက်ရှိတွင် အရပ်သားပြည်သူများ စစ်ကော်မရှင်တပ်၏ အကြမ်းဖက်မှုဒဏ်ကိုသာမက တော်လှန်ရေးအဖွဲ့အချို့တို့၏ တရားမဲ့လုပ်ရပ်ဒဏ်ကိုပါ နှစ်ဖက်ညှပ်ခံနေရပြီး ဓားစာခံများ ဖြစ်လာကြရသည်။



