မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ တိုက်ပွဲပြင်းထန်ခဲ့သည့် ချောင်းနှစ်ခွကျေးရွာ၌ ယခုပညာသင်နှစ်တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပြီး လက်နက်အကြွင်းအကျန်နှင့် မြေမြှုပ်မိုင်းများကြောင့် လုံခြုံရေးစိုးရိမ်ရနိုင်သည်ဟု မြေမြှုပ်မိုင်းအရေး ဆောင်ရွက်နေသူများက ဆိုသည်။
နှစ်ဖက်တိုက်ပွဲကြောင့် နှစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသည့် စာသင်ကျောင်းကို ချောင်းနှစ်ခွရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်မှ မေလ ၁၈ ရက်နေ့မှစပြီး အထက်တန်းကျောင်း၊ မူလတန်းကျောင်းများ၌ မိုင်းရှင်းလင်းရေး၊ စာသင်ဆောင် ပြင်ဆင်မှုများ လုပ်ဆောင်နေပြီး လက်ရှိတွင်လည်း ကျောင်းအပ်နှံရေးလုပ်ဆောင်နေသည်။
မပေါက်ကွဲရသေးသည့် လက်နက်အကြွင်းအကျန်များ လက်နက်ကြီး ကျည်ဆံများ အချိန်မရွေး ထပ်မံပေါက်ကွဲနိုင်သောကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်းမှ အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်သဖြင့် ကလေးများအတွက် အသက်အန္တရာယ်စိုးရိမ်ရနိုင်ကြောင်း မြေမြှုပ်မိုင်းအရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
လက်လုပ်မိုင်းများသည် ပုံသဏ္ဍန်အမျိုးမျိုးဖြင့် နေရာအနှံ့တွင် အချိုရည်ဗူး၊ ပိုက်အမျိုးမျိုး၊ M-150 ပုလင်းစသဖြင့် ထူးဆန်းသောဝါယာကြိုးများဖြင့် သွယ်တန်းထားရှိတတ်သဖြင့် ကျောင်းနေအရွယ်ကလေးများ စူးစမ်းလိုစိတ်ဖြင့် ကောက်ကိုင်မိမည်ကို စိုးရိမ်ရသည်ဟု ၎င်းက ဆက်ပြောသည်။

“ရုပ်ရှင်မှာမြင်ဖူးပြီး အပြင်မှာလက်တွေ့မြင်ရတဲ့အခါ ကောက်ကိုင်မိတာတို့ ကြိုးများကို ကိုယ်တိုင် ဖြုတ်ယူတာတို့ စိုးရိမ်ရတယ် ကလေးတွေကို အသိပညာပေးဖို့ကိစ္စ လုပ်ဖို့ကလည်း နယ်မြေ အာဏာပိုင်တွေက အခွင့်အရေး မပေးလောက်ဘူး” ဟု၎င်းကပြောသည်။
လူသားခြင်းစာနာမှု အဖွဲ့အစည်းနှင့် ဒေသခံအာဏာပိုင်အဖွဲ့များ၏ မိုင်းရှင်းလင်းရေးနည်းလမ်းများသည် ရည်ရွယ်ချက်နှင့် နည်းဗျူဟာအရ မတူညီနိုင်သဖြင့် လုံခြုံစိတ်ချမှု အရည်အသွေးကို အတိအကျ မှတ်ချက်မပေးနိုင်သော်လည်း စစ်တပ်အဖွဲ့များ သွားလာဖူးသည့်နေရာများတွင် မပေါ့ဆဘဲ သတိထားသင့်ဟု ၎င်းကဆက်ပြောသည်။
လက်ရှိတွင် စစ်အင်အား အများအပြားဖြင့် ဂိတ်အထပ်ထပ်စောင့်ဆိုင်းနေပြီး တော်လှန်ရေး အဖွဲ့များ ဝင်ရောက်ရန် မလွယ်ကူသော်လည်း ဒရုန်းတိုက်ခိုက်မှု လုပ်ဆောင်လာသောကြောင့် လုံခြုံရေးအရ ကျောင်းတက်ရောက်မည့်ကလေး နည်းပါးမည်ဟု ချောင်းနှစ်ခွ ဒေသခံတစ်ဦးကပြောသည်။
“ခြံတွေမှာဆိုရင် တစ်ခါတစ်ခါတွေ့တယ် သူတို့ကိုခေါ်တယ်၊ အဲ့ကျောင်းက လက်နက်ကြီးကျထားတာ များတယ် မြေမြှုပ်မိုင်းကလည်း ရှိချင်ရှိမယ် ပြီးတော့ လက်နက်ကြီးကျထားတာက မပေါက်ကွဲရသေးတဲ့ ဟာတွေ တစ်ပုံကြီးတွေ သူတို့ရှင်းလင်းနေတာပဲ နေတဲ့ကျောင်းသားတွေ အနည်းအကျဉ်းပဲရှိမှာ ငွေကြေးတတ်နိုင်တဲ့ မိဘကတော့ မြို့ပေါ်မှာပဲ ထားလိုက်တယ်” သူက ပြောသည်။
ချောင်းနှစ်ခွကျေးရွာအုပ်စုတွင် စာသင်ကျောင်း ၇ ကျောင်းရှိနေပြီး၊ ယမန်နှစ်က ဘုန်းကြီးကျောင်းနှင့် လုံခြုံသည့်နေရာများတွင် ကျောင်းသား၊ သူ ၉၀ နီးပါးခန့်ကို ဆရာ၊ ဆရာမများ စာသင်ကြားပေးနေကြောင်းလည်း ဆိုသည်။
ကျောင်းဆရာ၊ ဆရာမများ ကျေးရွာအတွင်း နေထိုင်ရေးအတွက် လုံခြုံရေးအပြည့်အဝ ယူပေးမည်ဖြစ်ပြီး၊ ဇွန်လ ၁ ရက်နေ့တွင် ကျောင်းဖွင့်ရမည်ဖြစ်ပြီး မဖြစ်မနေ ကျောင်းဖွင့်လှစ်သွားရန်ရှိကြောင်းလည်း ကျောင်းဆရာတစ်ဦးကပြောသည်။
“မနှစ်က နာမည်ရှိနေတဲ့ ကလေးတွေ အကုန်လုံးလာအပ်ကြမယ်ထင်တယ်။ မိုင်းကိုတော့ ကျောင်းဝင်းအတွင်းရော၊ ကျောင်းပြင်ပရော၊ အနီးအနားရွာ ကကျောင်းလာတက်မဲ့ ကလေးတွေလာမဲ့ လမ်းဘေးမှာ ချောင်းနှစ်ခွနဲ့ မရမ်းကုန်းလာမဲ့ လမ်းတစ်လျှောက် ချုံတွေထဲမှာပါပေါ့နော်၊ အထက်တန်းကတော့ တက်မဲ့သူမရှိရင် မဖွင့်သေးဘူး” ဟု ဆိုသည်။
ချောင်းနှစ်ခွတွင် အိမ်ခြေ ၃၀၀ နီးပါးခန့်ရှိနေပြီး ယနေ့အထိ နေရပ်ပြန်လည်နေထိုင်သူ တစ်ရာနီးပါးခန့်သာ ရှိနေပြီး၊ ပျက်စီးနေသည့် နေအိမ်များတွင်လည်း စစ်တပ်အဖွဲ့မှ ဝင်ရောက်နေထိုင်နေသည့် အခြေအနေလည်းရှိသည်ဟုသိရသည်။
ထို့ပြင် တိုက်ပွဲအတွင်း ပျက်စီးသွားသည့် ချောင်းနှခွတံတားကိုလည်း ပြန်ဆောက်ရန်ရှိသည်ဟုလည်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ချောင်းနှစ်ခွကျေးရွာ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး၊ ၂ နှစ်ကျော်ကြာ ကျောင်းပိတ်ထားရသည်။



