တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ကျွဲထိန်းကုန်းရွာတွင် ယမန်နေ့ မေလ ၂၁ ရက်နေ့ ညနေက စစ်တပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသား ၁ ဦးသေဆုံးပြီး ကလေးအပါအဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု ဒေတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
ထုံတော်ရွာဗလီ၌ တပ်စွဲထားသော စစ်တပ်အဖွဲ့နှင့် ညောင်ပင်ကွင်းရွာ အခြေစိုက်၊ ခမရ ၅၆၁ တပ်ရင်းမှ ယမန်နေ့ ညနေ ၆ နာရီခွဲဝန်းကျင်တွင် အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်။
အဆိုပါ လက်နက်ကြီးများ ကျွဲထိန်းကုန်းရွာအတွင်းရှိ စာသင်ကျောင်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျွဲထိန်းကုန်းရွာနေ၊ အသက် ၄၀ အရွယ် အမျိုးသား ၁ ဦး၊ ဦးခေါင်းတွင် လက်နက်ကြီးစထိမှန်ခဲ့ပြီး သေဆုံးခဲ့ရသည်။
ထို့အပြင် အသက် ၂၀ အရွယ်ခန့် အမျိုးသား ၁ ဦး ခြေထောက်ဒူးဆစ်ကျိုးဒဏ်ရာရရှိပြီး၊ အသက် ၅ နှစ်အရွယ်ခန့်ရှိ ကလေးငယ် ၁ ဦး ခြေထောက်တစ်ဖက် ဆုံရှုံးခဲ့ရကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

“လက်နက်ကြီးက တည့်တည့်ကျတာတော့မဟုတ်ဘူး အိမ်နားကကွမ်းပင်မှာထိပြီးကွဲတာ အိမ်နဲ့ စာသင်ကျောင်းအနီးမှာပေါ့ အိမ်ကလဲ ကျောင်းနဲ့ကပ်ရပ်ဖြစ်နေတာ လူကြီးတစ်ယောက်ကတော့ ပွဲချင်းပြီးပဲ ကလေးငယ်နဲ့ လူလတ်ပိုင်းက ဒဏ်ရာနဲနဲပြင်းတယ် လက်နက်ကြီးက သတင်းရလို့ ပစ်တာလားတော့ မသိဘူး။ အခုက တိုက်ပွဲမရှိဘဲနဲ့ပစ်နေတာ ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသည့် ကလေးနှင့် လူငယ်အမျိုးသားတို့ ဒဏ်ရာစိုးရိမ်ရသဖြင့် မြိတ်မြို့ပြည်သူဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။
စစ်တပ်မှ ၅မိုင်၊ ၆မိုင်နှင့် ဘန်လောကျေးရွာအပါအဝင် အနီးတဝိုက်ရှိ ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်မှုများလည်း မကြာခဏ လုပ်ဆောင်နေသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ဘောဓိကမ်း-ညောင်ပင်ကွင်းလမ်းပိုင်းရှိ ကျေးရွာများမှ ဒေသခံများ ကျေးရွာအတွင်း မနေနိုင်ရန်၊ ဘေးလွတ်ရာသို့ ရှောင်တိမ်းကြရန်၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ သတိပေးပြောဆိုထားသည်။
သို့သော် ဒေသခံကျေးရွာအချို့သာ ဘေးလွတ်ရာသို့ ရှောင်တိမ်းသွားကြသော်လည်း ဒေသခံအများစုသည် စားဝတ်နေရေးအခက်အခဲကြောင့် အချိန်တိုအတွင်းသာ တိမ်းရှောင်နိုင်ကြပြီး ကျေးရွာအတွင်း၌ပင် ဆက်လက် နေထိုင်နေကြသည်ဟု အထက်ပါ ရဲဘော်က ဆက်ပြောသည်။
“ လက်နက်ကြီးလဲ ဒီ ၅ မိုင်၊ ၆ မိုင် ဘန်လော ကျွဲထိန်းကုန်း တို့ တစ်ခြားရွာတွေဘက်မှာလဲ မကြာခဏပစ်တယ်။ ရွာသားတွေက စားဝတ်နေရေး အဆင်မပြေတော့ ရေရှည်မရှောင်နိုင်ဘူးပေါ့။ ဖြစ်ရင် ရှောင်တယ် မဖြစ်ရင်မရှောင်ဘူးပေါ့ ကိုယ်တွေလဲ နားလည်တယ်။ နေရင်လည်း လေကြောင်းနဲ့ လက်နက်ကြီးအန္တရယ်ကိုတော့ သတိထားဖို့ ပြောချင်တယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ မနက်ပိုင်း ၁၀ နာရီအချိန်ခန့်တွင် ရိက္ခာပို့ရန်လာသည့် စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တို့က ၆ မိုင်ရွာတွေ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး မိနစ် ၂၀ ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
စစ်တပ်မှ အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်လျှက်ရှိသောကြောင့် ကျေးရွာနေ ပြည်သူများအနေဖြင့် လေကြောင်းအန္တာရာယ် နှင့် လက်နက်ကြီး အန္တာရာယ်များအထူးသတိပြုနေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့တို့က တိုက်တွန်းပြောဆိုလျှက်ရှိသည်။



