Homeသတင်းအယ်လ်နီညို အန္တရာယ် ကြိုတင်ပြင်ထားရန်လို

အယ်လ်နီညို အန္တရာယ် ကြိုတင်ပြင်ထားရန်လို

-

အယ်လ်နီညို ဖြစ်ပေါ်နိုင်သော အခြေအနေကြောင့် ကြိုတင်ပြင်ထားရန် လိုအပ်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနနှင့် မိုးလေဝသပညာရှင်တို့က ထုတ်ပြန်သည်။

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ(Tropical Pacific Ocean)၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အယ်လ်နီညို ဖြစ်ပေါ်နိုင်သော အခြေအနေများကို တွေ့ရှိရသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ယနေ့ မေလ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည်။

နိုင်ငံတကာမိုးလေဝသဌာနများ၏ ခန့်မှန်းချက်အရ လာမည့် ဇွန်လမှစတင်၍ အားအနည်းငယ်ရှိသော အယ်လ်နီညို အခြေအနေသို့ ရောက်ရှိနိုင်ပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညို အခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ဆိုထားသည်။

အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အယ်လ်နီညိုဖြစ်စဉ်ကြောင့် ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်ဟု ထုတ်ပြန်ထားသည်။

အယ်လ်နီညိုသည် အလွန်အားကောင်းသော အဆင့်သို့ ရောက်ရှိရန် ၆၇ ရာခိုင်နှုန်းခန့် ရှိနေပြီး အဆင့်မြင့်ဆုံး စူပါအယ်လ်နီညိုအဆင့် ဖြစ်လာနိုင်ခြေ ၂၅ ရာခိုင်နှုန်းခန့်သာရှိရာမှ ယခုအခါ ၃၃ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာပြီ ဖြစ်သည်ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုထားသည်။

အယ်လ်နီညို ဖြစ်စဉ်သည် မြန်မာ့မုတ်သုံရာသီကို အားပျော့စေလေ့ရှိပြီး ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတွင် မိုးရွာသွန်းမှု ပျမ်းမျှထက် လျော့နည်းခြင်း၊ မိုးရွာရက် အဆက်ပြတ်ခြင်း (Monsoon Break) ကြာရှည်ခြင်း၊ မိုးခေါင်ရေရှားခြင်းနှင့် အပူချိန်မြင့်မားခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်ဟု ဦးဝင်းနိုင်က ဆိုသည်။

မိုးစပါးနှင့် မိုးသီးနှံစိုက်ပျိုးမည့် လယ်သမားကြီးများအနေဖြင့် ရေရရှိမှုအခြေအနေကို သေချာစွာ တွက်ချက်ပြင်ဆင်ထားရန်၊ စိုက်ပျိုးရေးနှင့် ရေအရင်းအမြစ် စီမံခန့်ခွဲမှုကဏ္ဍများ ယခုကတည်းက အယ်လ်နီညို ဘေးအန္တရာယ် တုံ့ပြန်ရေး အစီအမံများ ပြင်ဆင်ထားသင့်ကြောင်း ဦးဝင်းနိုင်က တိုက်တွန်းနှိုးဆော်ထားသလို မိုးဇလကလည်း အယ်လ်နီညိုဖြစ်ပေါ်မှုအခြေအနေနှင့် ပတ်သက်ပြီး ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်ကြရန် အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts