Homeသတင်းနှုတ်ပိတ်ခံထားရသည့် နေပြည်တော်ရောက် အမတ်များ

နှုတ်ပိတ်ခံထားရသည့် နေပြည်တော်ရောက် အမတ်များ

-

မြန်မာ့အကြပ်အတည်းအား ပါတီနိုင်ငံရေးဖြင့် လွှတ်တော်တွင် ပြောဆိုဖြေရှင်းနိုင်ရန် ကြိုးပမ်းမည်ဆိုသည့် လွှတ်တော်ကိုယ်စားလှယ်များ စစ်အစိုးရလက်အောက်တွင် နှုတ်ပိတ်ခံထားရသည်။

၎င်းတို့၏ ထင်မြင်ယူဆချက်များ၊ နိုင်ငံရေးခံယူချက်များနှင့် စစ်အရာရှိများ၏ လုပ်ပုံကိုင်ပုံများကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိဘဲ စစ်အစိုးရနှင့် အုပ်ချုပ်သူများကို ထိခိုက်မည့်စကားလုံးများ သုံးနှုန်းပြောဆိုခြင်း သို့ မတရားအသင်းအဖြစ် ကြေညာခံထားရသည့်အဖွဲ့အစည်းများနှင့် ဆက်သွယ်ပြောဆိုပါက အရေးယူခံရမည်ဆိုသည့် ခံဝန်ကတိဖြင့် နေထိုင်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီဝင်များကို ဆက်သွယ်စုံစမ်းမေးမြန်းခဲ့ရာ အများစုမှာ ခံဝန်ထိုးထားရကြောင်း သိရသည်။

အင်အားကြီး တိုင်းရင်းသားပါတီတခုက တာဝန်ရှိသူတစ်ဦးက “ကျွန်တော် ရွေးကောက်ပွဲကော်မရှင်ဆီမှာ လက်မှတ်ထိုးထားရတယ်။ အင်တာဗျူးဖြေလို့မရဘူး။” ဟု IMNA ၏ ဆက်သွယ်မှုကို ပြန်ပြောသည်။

အလားတူ စစ်တပ်ရွေးကောက်ပွဲတွင် လူသိများသည့် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးပင် လက်မှတ်ထိုးထားရကြောင်း စုံစမ်းသိရှိရသည်။

အကြောင်းမှာ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်အရာရှိများအကြောင်း ရေးသားနေသည့် ပြည်ပအခြေစိုက် သတင်းမီဒီယာများသို့ အင်တာဗျူးဖြေကြားခြင်းကို ပိတ်ပင်လိုခြင်းဖြစ်ပြီး အတွင်းသတင်းများ မပေါက်ကြားစေလိုခြင်းဖြစ်ကြောင်း ပါတီကိုယ်စားလှယ်များက သုံးသပ်သည်။

“ကျွန်မတို့ ဖုန်းတွေအထိကို ကြားဖြတ်နားထောင်တာတွေရှိတယ်။ ကျွန်မကို အပြင်ဖုန်းကနေ လုံးဝမခေါ်ပါနဲ့” ဟု အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တစ်ဦးကလည်း IMNA ကို တုံ့ပြန်ပြောဆိုသည်။

အချို့ လွှတ်တော်ကိုယ်စားလှယ်များက ပြည်တွင်းတွင် ရင်ဆိုင်နေရသော ကျားဖြန့်အန္တရာယ်၊ စစ်မှုထမ်းအဓမ္မ စုဆောင်းမှုဖြစ်စဉ်များနှင့် အွန်လိုင်းလောင်းကစားများနှင့် ပတ်သက်၍ စစ်အစိုးရသို့ တင်ပြသော်လည်း ထိရောက်မှုမရှိသော်လည်း သီးခြားထုတ်ဖော်ပြောဆိုရန် ဝန်လေးနေကြောင်း ပြောသည်။

တနိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ ဝင်ပြိုင်ထားသည့် ပါတီကြီးတခုက ကိုယ်စားလှယ်တဦးကလည်း “ကျွန်တော်တို့ဆိုရင် အခု လာတိုင်တာတွေအများကြီးပါ။ စစ်မှုထမ်းဆွဲသွားပြန်ပြီ၊ ကျားဖြန့်ငွေလိမ်ခံရပြန်ပြီ။ ဒါတွေ ကျွန်တော်တို့ဆီ ပြည်သူက လာတိုင်တယ်။ ကျွန်တော်တို့ကလည်း အထက်ကို တင်ပြပါတယ်။ ဒါပေမယ့် ထိထိရောက်ရောက်မဖြစ်ဘူး။ ကျွန်တော်တို့အနေနဲ့ ဒါကို သူတို့ မလုပ်နေပါဘူးဆိုတာကို ဝေဖန်ဖို့မရဲဘူး”ဟု ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကတော့ ၎င်းဦးဆောင်သည့် အစိုးရသည် ဒီမိုကရေစီစံနှုန်းများနှင့်အညီ ဦးဆောင်နေခြင်းဖြစ်ပြီး ယခင်က မပြောရဲသည်များကို ပြောနိုင်ပြီဖြစ်ကြောင်း မိန့်ခွန်းများတွင် ထည့်သွင်းပြောကြားလေ့ရှိသည်။

နိုင်ငံရေးပါတီအမတ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များကတော့ ၎င်းပြောသည့် ဒီမိုကရေစီမှာ နှုတ်ဖျားတွင်သာရှိပြီး လက်တွေ့တွင် တစ်ဦးတစ်ယောက်၏ အမိန့်ပေါ်တွင်သာ မူတည်နေသည့် စနစ်ဖြစ်နေကြောင်း တုံ့ပြန်ကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts