Homeသတင်းဥယျာဉ်ခြံအတွင်း မြေမြှုပ်မိုင်းနင်းမိသဖြင့် သရက်ချောင်းတွင် ကလေး ၂ ဦး ဒဏ်ရာပြင်းထန်ရရှိ

ဥယျာဉ်ခြံအတွင်း မြေမြှုပ်မိုင်းနင်းမိသဖြင့် သရက်ချောင်းတွင် ကလေး ၂ ဦး ဒဏ်ရာပြင်းထန်ရရှိ

-

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တွင် အသက် ၁၆ နှစ်နှင့် အသက် ၁၃ နှစ်အရွယ် အရပ်သားကလေး ၂ ဦး နေအိမ်အနောက်ဘက် ဥယျာဉ်ခြံအတွင်း မြေမြှုပ်မိုင်းနင်းမိပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်က သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားကျေးရွာရှိ နေအိမ်အနောက်ဘက် ဥယျာဉ်ခြံအတွင်း အလုပ်လုပ်နေသည့် အဆိုပါကလေးနှစ်ဦးအနက် တစ်ဦးမှာ မြေမြှုပ်မိုင်း နင်းမိသဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရကြောင်း သရက်ချောင်းဒေသခံတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုကြောင့် အသက် (၁၆) နှစ်အရွယ် မောင်မြင့်မြတ်အောင်နှင့် အသက် (၁၃) နှစ်အရွယ် မောင်အောင်မျိုးထွေးတို့တွင် ခြေထောက်နှင့် ခန္ဓာကိုယ်အနှံ့ မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

သရက်ချောင်းဒေသခံတစ်ဦးက “မိုင်းနင်းမိတဲ့နေရာက နေအိမ်အနောက်ဘက်မှာရှိတဲ့ ခြံမှာပဲ။ ခြံထဲမှာ အလုပ်လုပ်နေတုန်း နင်းမိတာ။ နင်းမိတာက တစ်ယောက်ပဲ၊ နောက်တစ်ယောက်က သူ့ဘေးနားမှာ ရှိနေလို့ မိုင်းစတွေ ထိသွားတာ။ နှစ်ယောက်လုံး အပြင်းအထန် ထိခိုက်သွားတာ၊ ခြေထောက်ရော လက်ရော ဝမ်းဗိုက်အနားမှာရော ထိသွားတာ” ဟု ပြောသည်။

မြေမြှုပ်မိုင်းကြောင့် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကလေးနှစ်ဦးမှာ လက်ရှိတွင် ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှု ခံယူနေရသည်။

အဆိုပါမြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွားရာနေရာ အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့အပြင် ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များလည်း ဝင်ထွက်သွားလာရာ နေရာများဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယခုမေလအတွင်း သရက်ချောင်းမြို့နယ်အတွင်း၌ တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ်မှ နေ့စဉ်စစ်ကြောင်းထိုး လှုပ်ရှားနေသည့်အပြင်၊ မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များ မရှင်းလင်းနိုင်သေးသဖြင့် နေရပ်ပြန်လာကြသည့် ဒေသခံများအနေဖြင့် အသွားအလာ သတိပြုကြရန် ဒေသတွင်း တော်လှန်ရေးရဲဘော်တစ်ဦးက တိုက်တွန်းပြောဆိုသည်။

“မိုင်းက စစ်ဘက်ကလည်းထောင်တယ်၊ ကျွန်တော်တို့ဘက်ကလည်း ထောင်တာရှိတယ်ဆိုတော့လေ ဘယ်သူ့ဟာမှန်းလဲတော့ အတိအကျမသိရဘူး။ မိုင်းပေါက်ကွဲမှုတွေလည်း ခဏခဏဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့လည်း မိုင်းရော စစ်လက်နက်အကြွင်းအကျန်တွေရော မရှင်းလင်းရသေးတော့ နေရပ်ပြန်လာကြတဲ့သူတွေ သွားလာရင် သတိထားဖို့ပဲ ပြောချင်တယ်” ဟု အဆိုပါ ရဲဘော်က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက စတင်ဖြစ်ပွားခဲ့သည့် ဝင်းဝစခန်းသိမ်းတိုက်ပွဲကြောင့် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး မြိတ်-ထားဝယ်ကားလမ်းပိုင်း၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ဒေသခံ ငါးထောင်ဝန်းကျင်ခန့်သည် တောတောင်၊ ဥယျာဉ်ခြံနှင့် လုံခြုံရာနေရာများတွင် စစ်ဘေးရှောင်ခဲ့ကြရသည်။

စစ်ဘေးရှောင်ဒေသခံအချို့မှာ ယခုမေလတွင် နေရပ်ပြန်လည်ဝင်ရောက်လာကြပြီး မိုးရာသီမရောက်မီ ယာယီတဲများ ပြန်လည်တည်ဆောက်ရန်အတွက် အကူအညီလိုအပ်နေသည့်အပြင် မြေမြှုပ်မိုင်းအန္တရာယ်အတွက်လည်း စိုးရိမ်နေရသည်။

သရက်ချောင်းမြို့နယ်တွင် ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ကာလအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှု ၄ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး ကလေးငယ်တစ်ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း IMNA မှ စုစည်းထားသည့် အချက်အလက်များအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts