Homeသတင်းထောက်ပံ့ကြေးအနည်းငယ်ဖြင့် နေအိမ်ဆောက်လုပ်ရန် ကော့ကရိတ်ဒေသခံများ ဖိအားပေးခံနေရ

ထောက်ပံ့ကြေးအနည်းငယ်ဖြင့် နေအိမ်ဆောက်လုပ်ရန် ကော့ကရိတ်ဒေသခံများ ဖိအားပေးခံနေရ

-

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တိုက်ပွဲကြောင့် ပျက်စီးသွားသည့် နေအိမ်များအတွက် စစ်ကော်မရှင်ပြည်နယ်အစိုးရအဖွဲ့မှ  ထောက်ပံ့ကြေး အနည်းငယ်ပေးဆောင်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရန် အတင်းဖိအားပေးနေမှုကြောင့် အခက်တွေ့နေရကြောင်း ကော့ကရိတ် ဒေသခံများက ပြောသည်။

ဒေသအသီးသီးတွင် ထွက်ပြေးတိမ်းရှောင်နေကြသည့် ကော့ကရိတ်စစ်ရှောင်ပြည်သူများအနေဖြင့် နေရပ်သို့ ပြန်လည်ဝင်ရောက်လာရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စများလုပ်ဆောင်ရန် ကရင်ပြည်နယ်စစ်အစိုးရအဖွဲ့မှ ပြီးခဲ့သည့် မေလ ၄ ရက်နှင့် ၅ ရက်နေ့က မြေပြင်ကွင်းဆင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သည်။

ပြန်လည်ဝင်ရောက်လာသည့် စစ်ဘေးရှောင်များကိုလည်း အိမ်ထောင်စုတစ်စုလျှင် သွပ် ၅ ချပ်၊ ဘိလပ်မြေ ၁၀ အိတ်ဖြင့်သာ ထောက်ပံ့ပြီး ကျန်လိုအပ်သည့်အိမ်ဆောက်ပစ္စည်းများကို အစိုးရဈေးနှုန်းဖြင့် ဝယ်ယူကာ နေအိမ်ပြန်လည်ဆောက်လုပ်ရန် စစ်အုပ်စုမှ ဖိအားပေး ပြောဆိုလာသည်ဟု ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။

“နေရပ်ပြန်ဝင်လာတဲ့စစ်ရှောင်တွေကို နေအိမ်ဆောက်ပေးမယ်လို့ စကမဘက်က ပြောတယ်။ အဲကြောင့် အိမ်ဆောက်ပစ္စည်းတွေ ထောက်ပံ့ပေးမယ်လို့ ကြေညာထားတယ်။ ဒါပေမဲ့ အဲဒီအထောက်အပံ့တွေက နေအိမ်သေးသေးလေးတစ်လုံးရဖို့တောင် လုံလောက်မှု မဖြစ်နေဘူး။ မလုံလောက်တဲ့ပစ္စည်းတွေကို စစ်ရှောင်တွေက သူတို့ဆီမှာ ဝယ်ရမယ်။ ” ဟု အထက်ပါ မြို့ခံက ပြောသည်။

စားဝတ်နေရေးနှင့် ငွေကြေးလည်ပတ်မှုမရှိသည့် နေရပ်ပြန်အိမ်ထောင်စုများအတွက် နေအိမ်ဆောက်လုပ်ရန် မဖြစ်နိုင်ကြောင်းလည်း ဆက်ပြောသည်။

အဆိုပါအခြေအနေများကြောင့် စစ်ဘေးရှောင်အနည်းစုသာ နေရပ်သို့ ပြန်လည်ဝင်ရောက်လာကြပြီး အများစုတို့ အခြေအနေစောင့်ကြည့်နေကြသည်ဟု ကော့ကရိတ်စစ်ရှောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ စစ်ဘေးရှောင်တွေက နေရပ်ကို ပြန်ရင်ကောင်းမလား၊ မပြန်ရင်ကောင်း မလားဆိုတဲ့အပေါ်မှာ တွေးဝေးနေကြတယ်။ ပြန်သွားရင်လည်း အိမ်ကို ဆောက်ခိုင်းတယ်။ ထောက်ပံ့ပေးတဲ့အရာတွေကလည်း မပြည့်မစုံ ဖြစ်နေတယ်။ သူတို့သတ်မှတ်ထားတဲ့ကာလအတွင်း အိမ်ဆောက်လုပ်တာ မပြီးစီးရင် ဘယ်လို အရေးယူ၊ အပြစ်ပေးခံရမလဲဆိုတာကလည်း စစ်ရှောင်တွေက တွေးပူနေရတာ။ အဲကြောင့် မပြန်ရဲတဲ့ လူတွေလည်း အများကြီး ရှိနေတယ်" ဟု ၎င်းက ပြောသည်။

စစ်ကော်မရှင် အချက်အလက်များအရ ကော့ကရိတ်တွင် တိုက်ပွဲကာလအတွင်း မီးလောင်ပျက်စီးသွားသည့် နေအိမ်ပေါင်း (၁,၅၀၀) ကျော် ရှိနေပြီး၊ ၎င်းတို့အနက် လုံးဝပြန်လည်ပြုပြင်၍ မရနိုင်တော့သည့် အဆောက်အအုံများကို ဖြိုဖျက်ရှင်းလင်းရေးလုပ်ဆောင်နေသည်ဟု ဆိုသည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က တော်လှန်ရေးတပ်နှင့် စစ်တပ်အဖွဲ့တို့ တိုက်ပွဲပြင်းထန်ချိန် မြို့မျက်နှာစာနှင့် အာရှလမ်းမကြီးဘေးရှိ ရပ်ကွက် ၃ ခု မီးဘေးသင့်ခဲ့ရသည်။

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာသွားသူများအနက် နေအိမ်ကျန်သည့်သူများသာ ပြန်လည်နေထိုင်ပြီး အိမ်မီးလောင်သွားသည့် အိမ်ရှင်အများစု မပြန်လာကြတော့ကြောင်း မြို့ခံများမှ သိရသည်။

နေပြည်တော်တွင် သမ္မတရာထူးယူထားသည့် မင်းအောင်လှိုင်မှ သူ၏အစိုးရ ရက် ၁၀၀ အတွင်း ဖွံ့ဖြိုးရေးလုပ်မည်ဆိုသည့် ခေါင်းစဉ်အောက်တွင် ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်မည်ဟု ပြောဆိုထားသည့်နောက်  ကော့ကရိတ် ပြန်လည်ထူထောင်ရေးအစီအစဉ် ထွက်လာကြောင်းလည်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts