အာဏာသိမ်း စစ်တပ်အရာရှိများ ဦးဆောင်နေသော စစ်အစိုးရက အရပ်သား ပြည်သူများ၏ နေ့စဉ်ဘဝတွင် အန္တရာယ်သဖွယ်ဖြစ်နေသည့် အဓမ္မ ပြည်သူ့စစ်မှုထမ်းခေါ် ပသစ စုဆောင်းမှုကို မျက်ကွယ်ပြုထားကြောင်း ၎င်းတို့၏ လွှတ်တော်ကိုယ်စားလှယ်များပင် ထုတ်ပြောကြသည်။
အာဏာသိမ်းကာလတွင် ယခုသမ္မတ ဦးမင်းအောင်လှိုင် လက်မှတ်ထိုးထုတ်ပြန်ခဲ့သည့် စစ်မှုထမ်းဥပဒေ စတင်ချိန်မှ ယခုချိန်ထိ ဥပဒေကြောင်းအရ ဆင့်ခေါ်ခြင်းထက် ပြန်ပေးဆွဲခြင်းကဲ့သို့ပင် ကူးပြောင်းလာကြောင်း ဆိုကြသည်။ မည်သို့ပင်ဖြစ်စေ စစ်အစိုးရအနေဖြင့် စစ်တပ်အင်အားတောင့်တင်းရေးအတွက် အဆိုပါ ဖြစ်စဉ်များကို လစ်လျူရှုထားကြခြင်းဟု ထောက်ပြနေကြသည်။

“ကျွန်တော်တို့က ဒါကို လွှတ်တော်မှာ ဆွေးနွေးစေချင်တယ်။ အခွင့်မသာသေးဘူး။ သူတို့အနေနဲ့ ဘယ်ကို တိုင်လို့ရပါတယ်ဆိုတာတွေကို ပြောတယ်၊ ထုတ်ပြန်ကြတယ်။ တကယ်အဲဒီနံပါတ်တွေကို ဆက်ကြည့် သူတို့ ဘာမှ မလုပ်ပေးနိုင်ဘူး။ ကျွန်တော်တို့ ဖြစ်စေချင်တာကဗျာ အခုသူတို့ အရပ်သားအစိုးရ အသွင်ပြောင်းချင်နေတာမလား ပြည်သူတွေကို ကြည့်စေချင်တာပါ။ ဂုဏ်သိက္ခာရှိရှိ ဖြစ်စေချင်တာပါ။ ကျွန်တော်တို့ကို တချို့ပြည်သူတွေက အားကိုးတကြီး လာပြောကြတယ်။ ကျွန်တော်တို့မှာ ဘာမှ လုပ်ပိုင်ခွင့်မရှိနေပါဘူး” ဟု ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေးပါတီကြီးတစ်ခုမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထုတ်ပြောသည်။
ရန်ကုန်၊ မန္တလေးအပါအဝင် စစ်ဗိုလ်ချုပ်ကြီးများ နေထိုင်ရာ နေပြည်တော်နယ်မြေတွင် လူပျောက်ဖြစ်စဉ်များ နေ့စဉ်နှင့်အမျှ မြင့်တက်လာပြီး အများစုမှာ စစ်မှုထမ်းအဖြစ် အဓမ္မ စုဆောင်းခံနေရကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ယုံကြည်နေကြသည်။ မြို့နယ်အုပ်ချုပ်ရေးအဆင့် အဖွဲ့များနှင့် နီးစပ်သူများ၏ ပြောဆိုချက်အရ ယခုနောက်ပိုင်းတွင် စစ်မှုထမ်းစုဆောင်းမှုမှာ လူရောင်းသည့် စျေးကွက်တစ်ခုအဖြစ်သို့ပင် အသွင်ပြောင်းလာသည်။
လှိုင်သာယာ၊ ရွှေပြည်သာကဲ့သို့သော နေရပ်ရွှေ့ပြောင်းလာသူ အများအပြားနေထိုင်သည့် ဒေသများရှိ အမျိုးသားများကို ပစ်မှတ်ထားပြီး စစ်တပ်၊ ရဲမဟုတ်သည့် အစုအဖွဲ့များမှ စစ်တပ်ထံသို့ လူရောင်းနေသည်ဟု ဒေသခံများက သံသယရှိနေသည်။
“ပြီးခဲ့တဲ့လက ကျွန်တော်တို့ စက်ရုံက တစ်ယောက် အလုပ်ကအပြန် အိမ်မရောက်ဘဲ ပျောက်သွားတယ်။ ၃ ရက်လောက်အထိ လုံးဝပေါ်မလာတော့ သူ့အမေက ရဲစခန်းမှာ အမှုသွားဖွင့်တော့ ပြန်သိရတာက ရှမ်းပြည်က တပ်တစ်ခုဆီ ပို့လိုက်တယ်လို့ ပြောတယ်။ သူနဲ့ တိုက်ရိုက်တော့ အဆက်အသွယ်မရဘူး။ စခန်းဘက်ကတော့ စစ်မှုထမ်းအသက် အကျုံးဝင်နေတယ်ဆိုတဲ့အကြောင်းပြတယ်။” ဟု လှိုင်သာယာရှိ ဖိနပ်စက်ရုံတစ်ခုမှ အလုပ်သမား ကိုကျော်ကျော် (အမည်လွှဲ) က ပြောသည်။
IMNA က ပြီးခဲ့သည့် မေလတွင် ရှမ်းပြည်နယ်၊ တောင်ကြီးဒေသရှိ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးကို မေးမြန်းခဲ့ရာမှာ ရပ်ကွက်အတွင်းရှိ လူငယ်များအစား စစ်မှုထမ်းရန် ရန်ပုံငွေကောက်ခံပြီး လူဝယ်ရကြောင်းနှင့် တစ်ဦးလျှင် သိန်း ၂၀ ခန့်အထိ ပေးရကြောင်း ပြောပြခဲ့ဖူးသည်။
ရွေးကောက်ပွဲနှင့် ပေါ်လာသည့် အစိုးရဟု ကြွေးကြော်နေသည့် စစ်အရာရှိများက အရပ်သားပြည်သူများ၏ အခြေခံလိုအပ်ချက်များအပေါ် လစ်လျူရှုထားပြီး အာဏာအခြေခိုင်ရေးသာ ကြိုးပမ်းနေသည်။
စစ်မှုထမ်းအပတ်စဉ် ၁ စတင်ခဲ့သည့် ၂၀၂၄ ဖေဖော်ဝါရီလမှ ယခု အပတ်စဉ် ၂၅ အထိ ခေါ်ယူထားပြီး ပျမ်းမျှ တပ်သားသစ် တစ်သိန်းကျော် စုဆောင်းထားကြောင်း သိရသည်။





