ထိုင်း-မြန်မာနယ်စပ်၊ စံခလဘူရီမြို့နယ်မှ ဘုရားသုံးဆူဘက်ရှိ “ကျားဖြန့်” ဂိုဏ်းများထံ ပို့ဆောင်မည့် မီးစက်အကြီးစားများကို တင်ဆောင်လာသည့် ၁၀ ဘီးကုန်တင်ကား ၃ စီးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မေ ၁၂ ရက်နေ့က ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်ရှိ နမ့်ပကိတ်စစ်ဆေးရေးဂိတ်၌ သံသယဖြစ်ဖွယ် ၁၀ ဘီးကုန်တင်ကား ၃ စီးကို ရပ်တန့်စစ်ဆေးရန် ဂိတ်တာဝန်ရှိသူများ အချက်ပြခဲ့သော်လည်း ယာဉ်များမှာ ရပ်တန့်ခြင်းမရှိဘဲ ဘုရားသုံးဆူနယ်စပ်ဘက်သို့ အရှိန်မြှင့် မောင်းနှင်ထွက်ပြေးခဲ့သည်။

အာဏာပိုင်များက လိုက်လံဖမ်းဆီးရာ နယ်စပ်မျဉ်းအနီး မီတာ ၃၀၀ ခန့်အကွာ ဂျပန်ရေတွင်းရွာအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
ထိုသို့ စစ်ဆေးရာတွင် တရုတ်စာများ ကပ်ထားသည့် စာရွက်စာတမ်း အထောက်အထားမဲ့ 1,000 KVA ဒီဇယ်မီးစက်အကြီးစား ၂ လုံးနှင့် လျှပ်စစ်ထိန်းစက် (Control Box) ၄ လုံးကို ဖမ်းဆီးခဲ့ရမိခဲ့ပြီး၊ စုစုပေါင်းတန်ဖိုးမှာ ဘတ် ၁၀ သန်းထက် မနည်းရှိကြောင်း သိရသည်။
မီးစက်များမှာ ဘုရားသုံးဆူဒေသအတွင်း လှုပ်ရှားနေသည့် တရုတ် “ကျားဖြန့်” (Online Scam) ဂိုဏ်းများအတွက် အသုံးပြုရန် ရည်ရွယ်ထားသည့် ပစ္စည်းများဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်အရ အဆိုပါမီးစက်များကို ကန်ချနဘူရီမြို့နယ် လတ်ယား (Lat Ya) မြို့နယ်ခွဲမှတဆင့် တင်ဆောင်လာပြီး မြန်မာဘက်ခြမ်း ဂျပန်ရေတွင်းရွာရှိ ရင်းနှီးမြှုပ်နှံသူများထံ ပို့ဆောင်ပေးရန် သင်္ဘောတင်ပို့ရေးကုမ္ပဏီတစ်ခု၏ ညွှန်ကြားချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ထိုင်းရဲတပ်ဖွဲ့က အကောက်ခွန်ဆိုင်ရာ ခွင့်ပြုစာရွက်စာတမ်းများ တောင်းခံရာတွင် ပြသနိုင်ခြင်းမရှိသဖြင့် ယာဉ်မောင်း ၃ ဦးနှင့် သင်္ဘောတင်ပို့ရေးကုမ္ပဏီပိုင်ရှင် ၁ ဦးကို အမှုဖွင့်ဖမ်းဆီးခဲ့ကြောင်း ထိုင်းဒေသခံသတင်းများအရ သိရသည်။
လက်ရှိတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခံထားရသူများကို အကောက်ခွန်ဥပဒေအရ တရားမဝင် တင်ပို့မှုဖြင့် အမှုဖွင့်အရေးယူထားပြီး၊ နယ်စပ်ဒေသရှိ ကျားဖြန့် (Call Center) ဂိုဏ်းများနှင့် ဆက်စပ်ကွင်းဆက်များကို ဆက်လက်စုံစမ်းဖော်ထုတ်နေဆဲဖြစ်သည်။




