Monday, May 11, 2026
More
    spot_img
    Homeသတင်းရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွင် ဒေသခံပြည်သူများ စိတ်ပါဝင်စားမှုနည်း

    ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွင် ဒေသခံပြည်သူများ စိတ်ပါဝင်စားမှုနည်း

    -

    စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်တင်မြှောက်ခြင်းလုပ်ငန်းများကို ဒေသခံပြည်သူများ စိတ်ဝင်စားမှုနည်းနေကြောင်း  ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူများက ဆိုသည်။

    မွန်ပြည်နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်တင်မြှောက်ရန် ကြီးကြပ်မှုကော်မတီဝင်များ ရွေးချယ်ဖွဲ့စည်းနေကြပြီး၊ ၎င်းမှတစ်ဆင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ပြည်သူများ၏ ဆန္ဒမဲဖြင့် ဆက်လက်ရွေးချယ်သွားရန် စီစဉ်လျှက်ရှိသည်။

    စစ်အာဏာသိမ်း ၅ နှစ်ကျော်ကာလအတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပြည်သူ့ဝန်ဆောင်မှုထက် စစ်ကောင်စီ၏ အမိန့်အာဏာများကိုသာ အကောင်အထည်ဖော်နေပြီး၊ စစ်မှုထမ်းကိစ္စများတွင် ပါဝင်ဆောင်ရွက်နေသည့် အခြေအနေများကြောင့် ပြည်သူများအနေဖြင့် ယုံကြည်မှု လျော့နည်းကာ ယခုရွေးချယ်မှုအပေါ် စိတ်ဝင်စားမှု နည်းပါးနေကြောင်း ရေးမှ အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

    “ဒီတစ်ခေါက် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်လိုသူ နည်းတယ်။ စိတ်ပါဝင်စားမှုလည်းနည်းတယ်။ ကျနော်တို့ အုပ်ချုပ်ရေးမှူးအသစ် ဝင်ရွေးမဲ့သူ တစ်ယောက်မှ မရှိသေးဘူး။ အသစ်ရွေးမဲ့သူမရှိတော့ အုပ်ချုပ်ရေးမှူးအဟောင်းတွေကလည်း တချို့က ထွက်ချင်နေပေမဲ့ ထွက်လို့မရတဲ့အခြေအနေဖြစ်နေတယ်” ဟု ပြောသည်။

    စစ်ရေးအခြေအနေများ မတည်ငြိမ်သေးသဖြင့် စစ်ကော်မရှင်၏ အုပ်ချုပ်မှုယန္တရားများသည် ထိရောက်မှုမရှိသလို ပြည်သူများအနေဖြင့်လည်း တက်တက်ကြွကြွ ပါဝင်သွားမည်မဟုတ်ကြောင်း ဆိုသည်။

    လက်ရှိအခြေအနေအရ စစ်ကောင်စီနှင့် ပူးပေါင်းမည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား တော်လှန်ရေးအဖွဲ့အစည်းများက အရေးယူမှုများရှိနေသဖြင့် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူလိုသူ မရှိသလောက် နည်းပါးသွားသည်ဟု သိရသည်။

    ဆယ်အိမ်မှုးမှ အုပ်ချုပ်ရေးမှုးအထိ အဆင့်ဆင့် သတ်မှတ်ထားသော်လည်း လက်တွေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စိတ်ကြိုက်ရွေးချယ်တင်မြောက်မှုများ ပြုလုပ်နေကြောင်း မုဒုံမြို့နယ် အုပ်ချုပ်ရေးမှုးအဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

    ထို့ကြောင့် ရပ်၊ကျေးအုပ်ချုပ်ရေးရွေးချယ်မှုကို မဖြစ်မနေလုပ်ဆောင်ပါက တရားမျှတမှုရှိပြီး ပြည်သူများမှ အမှန်တကယ်ရွေးချယ်ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှုးဖြစ်ရန် လိုအပ်သည်ဟုလည်း ချောင်းဆုံဒေသခံတစ်ဦးက ဆိုသည်။

    " ပြည်သူတွေအတွက် တရားမျှတမှုရှိရှိနဲ့ ရွေးစေချင်တယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ နှစ်တွေမှာ ကောင်းတာရော ဆိုတာရောကို ပြည်သူတွေ ခံလာခဲ့ရတာ သူတို့အသိဆုံးပါ။ အသစ်ရွေးမယ်ဆိုရင် ဆယ်အိမ်မှုး ရာအိမ်မှုးလို အဆင့်ဆင့်သွားပြီး တရားမျှတရှိတာမျိုးတော့ တွေ့ချင်တာပေါ့"ဟု ပြောသည်။

    မွန်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အုပ်ချုပ်ရေးမှုးရာထူးများကို စစ်ကော်မရှင်နှင့် နီးစပ်သည့် ကြံခိုင်ရေးပါတီဝင်များသာ အများအားဖြင့် နေရာယူထားကြပြီး၊ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ လောင်းကစားဝိုင်းများနှင့် မူးယစ်ဆေးဝါးများကို ကျေးရွာအတွင်း တရားဝင်ဈေးကွက်ကဲ့သို့ လုပ်ကိုင်ခွင့်များ ရရှိထားကြောင်း သိရသည်။

    လက်ရှိ ရပ်ကျေးအုပ်ချုပ်ရေးရွေးချယ်ပွဲတွင်လည်း စစ်တပ်နှင့်နီးစပ်သူများကသာ ရွေးချယ်ခံရနိုင်ကြောင်းလည်း သုံးသပ်ပြောဆိုနေကြသည်။

    ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ သက်တမ်းအတိုင်း (သာမန်အားဖြင့် ၅ နှစ်) ဖြစ်သည်ဟု သတ်မှတ်ထားသည်။

    ဥပဒေအရ တစ်ဆက်တည်း နှစ်ကြိမ်ထက်ပို၍ တာဝန်မယူရဟု ကန့်သတ်ထားပြီး၊ ရွေးကောက်ခံရပြီးမှသာ အုပ်ချုပ်ရေးမှူးအသစ်အဖြစ် တရားဝင် တာဝန်ထမ်းဆောင်ကြရမည်ဟုလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks