Monday, May 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲမှု ဘယ်အဆင့်ရောက်နေပြီလဲ

    မွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲမှု ဘယ်အဆင့်ရောက်နေပြီလဲ

    -

    ရာမညမွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ် မွန်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို မွန်လက်နက်ကိုင်တပ်ဖွဲ့များ၊ မွန်နိုင်ငံရေးပါတီများနှင့် မွန်အရပ်ဖက်အဖွဲ့အစည်းတို့က ပူးပေါင်းပြီး ရေးဆွဲနေသည်။  

    ယခင် ၂၀၂၁ ခုနှစ် မတိုင်ခင်ကတည်းက မွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ကြပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် မွန်ဒေသအတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်ကြောင်း မွန်အမျိုးသားကောလိပ်ကျောင်းအုပ်ကြီး ဒေါက်တာပညာမွန်က IMNA ကို ပြောသည်။

    ဓာတ်ပုံ – မော်လမြိုင်မြို့ ရာမညနိကာယ ဓာတုမာလာ မွန်ပရိယတ္တိကျောင်းတိုက်မှာ ကျင်းပခဲ့သည့် မွန်အမျိုးသားညီလာခံ

    “ကျနော်တို့မှာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆွဲထားတာ ရှိတာပေါ့နော်၊ တတိယမူကြမ်းလောက်ရှိနေပြီ။ တတိယမူကြမ်းက စတုတ္ထလောက်ရှိနေပြီလားမသိဘူး။ အဲဒါကတော့ ရှိတယ်။ ဒီမူကြမ်းက ကြာပြီ အာဏာမသိမ်းခင်ကပေါ့နော်၊ ရှိနေတဲ့ မူကြမ်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမူကြမ်းက ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်တဲ့အခါမှ အသုံးပြုဖို့ ရည်ရွယ်ထားရှိပါတယ်” ဟု ပြောသည်။

    အဆိုပါ မွန်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ပြင်ဆင်သင့်သောအရာများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများကို လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း၊ ပြည်သူလူထုတို့၏ အကြံပြုချက်မှုကိုလည်း ရယူသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    ၂၀၂၅ ခုနှစ် ဧပြီလအတွင်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ရာမညနိကာယ ဓာတုမာလာ မွန်ပရိယတ္တိ ကျောင်းတိုက်မှာ မွန်ပြည်သစ်ပါတီ ဦးဆောင်ကျင်းပသည့် မွန်အမျိုးသားညီလာခံတွင် မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်များ၊ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ သံဃာတော်များ၊ မွန်အမျိုးသမီးအဖွဲ့အစည်းများနှင့် မွန်စာသင်အဖွဲ့အစည်းများလည်း တက်ရောက်ခဲ့ကြသည်။

    ရာမညမွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ် မွန်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေအား အချောသတ်ပြီးသည့် အနေအထားတွင် ရှိနေပြီဖြစ်ကြောင်း၊ သို့သော်လည်း ဖွဲ့စည်းပုံများသည် ပြည့်စုံလုံလောက်သည်ဟု ပြောဆို၍ မရဘဲ ပြင်ဆင်ဖြည့်စွက်ခြင်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း မွန်နိုင်ငံရေးသမား ဒေါက်တာအောင်နိုင်ဦးက IMNA ကို ပြောသည်။

    “ရာမညမွန်ပြည်ဖွဲ့စည်းပုံက ကျနော်တို့ မနှစ်ကလည်း မွန်ညီလာခံပေါ့နော်၊ မော်လမြိုင်မှာ ကျင်းပတဲ့ ညီလာခံမှာလည်း လိုတာတွေ ပြန်လည်ဖြည့်ဆည်းပြီးတော့ ဆွေးနွေးဖြစ်ခဲ့ကြတယ်။ မွန်ညီလာခံမှာ အစဉ်အဆက်ကတော့ ဒီဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးဖြစ်ခဲ့ကြတယ်ပေါ့၊ သို့သော်လည်းပဲ လိုအပ်ချက်ဘာညာရှိရင်လည်း ပြန်လည်ဖြည့်ဆည်းတဲ့ ရှိရင်ရှိမှာပေါ့၊ အဲဒီတော့ ရေးဆွဲထားပြီးတဲ့ အနေအထား အဲဒီလိုရှိပါတယ်” ဟု ပြောသည်။

    မွန်အမျိုးသားညီလာခံမှ အတည်ပြုရေးဆွဲထားသည့် မွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအား မွန်လူထုတို့က သဘောတူ လက်ခံကြသည်ဟုလည်း ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    ရာမညမွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ် မွန်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရာတွင် မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ မွန်အရပ်ဖက်အဖွဲ့အစည်းအသီးသီးနှင့် ပညာရှင်များသည်လည်း မိမိတို့ မွန်ပြည်သူတို့ လိုလားသည့် ဖွဲ့စည်ပုံမျိုးပေါ်ပေါက်လာရန် ရှေ့ရှုထားကြောင်း ဆိုသည်။

    မွန်ပြည်နယ်တွင် အခြားသော လူမျိုးစုများပါ နေထိုင်ကြခြင်းကြောင့် လူမျိုးတစ်မျိုးစီတိုင်းတွင် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ကို အခြေခံရန် လိုအပ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) မှ အတွင်းရေးမှူး ခွန်ဝေထူးက ပြောသည်။

    “မွန်ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲနေတယ်လို့ သိရတယ်။ မွန်ပြည်နယ်မှာ မွန်ယူနစ်မှာဆိုရင်ပေါ့ဗျာ ပအိုဝ်းလူမျိုးတွေက ၅ သောင်းအထက်မှာ ရှိပါတယ်။ ဒါကြောင့်မို့လို့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲတဲ့နေရာမှာ Inclusiveness ပေါ့နော်။ အားလုံးပါဝင် ရေးဆွဲတယ်ဆိုတာမျိုးကိုတော့ ကျနော်တို့ စံတန်ဖိုးတစ်ခုအနေနဲ့ ထားဖို့လိုပါတယ်” ဟု ပြောသည်။

    မွန်ပြည်နယ်တွင် မွန်လူမျိုးများအပြင် ကရင်၊ ပအိုဝ်း၊ ဗမာနှင့် အခြားသော တိုင်းရင်းသားများလည်း နေထိုင်ကြကြောင်း သိရသည်။

    လက်ရှိ ရေးဆွဲနေသည့် မွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မွန်ဒေသအတွင်း နေထိုင်သော အခြားလူမျိုးစုများ၏ အခန်းကဏ္ဍများလည်း ထည့်သွင်းရေးဆွဲထားကြောင်း ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။

    “ဟုတ်ကဲ့ ပါတယ်ဗျ။ ရာမညဒေသလို့ ကျနော်တို့ ပြောရင်လည်းပဲ ရာမညမွန်ဒေသမှာရှိနေတဲ့ တခြား တိုင်းရင်းသားအဖွဲ့အစည်းတွေ ဒါတွေလည်း ထည့်သွင်းပြီးတော့ ရေးဆွဲထားတာ ရှိတာပေါ့။ ပြောရင်တော လူများစုတွေရဲ့ အခွင့်အရေးပိုင်းဆိုင်ရာ၊ လူနည်းစုတွေရဲ့ အခွင့်အရေးပိုင်းဆိုင်ရာ၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးပိုင်းဆိုင်ရာ အဲဒီလိုမျိုးတွေတော့ ဌာနအလိုက်တော့ ပါပါတယ်” ဟု ပြောသည်။

    နောင်ဖြစ်လာနိုင်မည့် ဖက်ဒရယ်ပြည်ထောင်စုအတွက် မွန်ပြည်သူလူထု၊ မွန်အဖွဲ့အစည်းများက ဦးတည်ချက်တစ်ခုအနေဖြင့် ရာမညမွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ် မွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ကြခြင်းဖြစ်သည်။

    သို့သော်လည်း ဖက်ဒရယ်ပြည်ထောင်စုကို မည်သို့သောအချိန်တွင် တည်ဆောက်နိုင်ကြမည်ကိုမူ အတိအကျ မပြောနိုင်သေးကြောင်း မွန်နိုင်ငံရေးသမားများက ပြောသည်။ 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks