မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းက စခန်းသိမ်းတိုက်ပွဲများတွင် စစ်ကော်မရှင်တပ်က လေယာဉ်၊ စက်တပ်လေထီးများ အသုံးပြုပြီး နေ့စဉ်တိုက်ခိုက်နေသည်ဟု သိရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကော်မရှင် လေးကေတပ်စခန်းနှင့် ဝင်းတာပန်တပ်စခန်းတို့ကို သိမ်းပိုက်နိုင်ရေး တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၁၂ ရက်နေ့က လေးကေတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ဝင်းတာပန်တပ်စခန်း သိမ်းပိုက်နိုင်ရေး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဆက်လက်တိုက်ခိုက်နေပြီး စစ်ကော်မရှင်တပ်ဘက်ကလည် အင်အားအလုံးအရင်းဖြင့် ခုခံတိုက်ခိုက်လျက်ရှိသည်။
စခန်းတိုက်ပွဲများအတွင်း စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု၊ စက်တပ်လေထီးများဖြင့် ဗုံးကျဲတိုက်ခိုက်မှုများအပြင် လက်နက်ကြီး၊ ဒရုန်းတို့ဖြင့်လည်း နေ့စဉ်နှင့်အမျှ ပြုလုပ်နေသည်။

“ဘီးလင်းတိုက်ပွဲမှာ စစ်တပ်ဘက်က အတော်ကို အထိနာနေတယ်။ တဖက်မှာလည်း သူတို့က အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေတယ်။ လေယာဉ် စက်တပ်လေထီးနဲ့ တိုက်ခိုက်နေတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့၏ ထုတ်ပြန်ချက်အရ လေးကေနှင့် ဝင်းတာပန်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးပြီး၊ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိသည်။
၎င်းပြင် ဒုတပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၂၄ ဦးကိုလည်း အရှင်ဖမ်းဆီးရမိထားသည့်အပြင် လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး၊ ဒရုန်း၊ စက်တပ်လေထီးများဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် လူနေအိမ်အချို့ မီးလောင်ပျက်စီးမှုများရှိသည့်အပြင် လေးကေ၊ ဝင်းတာပန်နှင့် အနီးနားက ကျေးရွာပေါင်း ၁၃ ရွာက ဒေသခံပြည်သူ ၁၃၀၀၀ ကျော်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။




