Wednesday, May 6, 2026
More
    spot_img
    Homeသတင်းပြည်ပခွင့်ပြန်အလုပ်သမားများကို စည်းကမ်းတင်းကြပ်ထားသည့်အတွက် အလုပ်သမားများ ပြန်လည်ထွက်ခွာရန် ခက်ခဲနေ

    ပြည်ပခွင့်ပြန်အလုပ်သမားများကို စည်းကမ်းတင်းကြပ်ထားသည့်အတွက် အလုပ်သမားများ ပြန်လည်ထွက်ခွာရန် ခက်ခဲနေ

    -

    မြန်မာနိုင်ငံသို့ ခွင့်ရက်ဖြင့် ပြန်လည်ရောက်ရှိနေသည့် မြန်မာအလုပ်သမားများ  ပြည်ပပြန်လည်ထွက်ခွာရန် စစ်ကော်မရှင် အလုပ်သမားဝန်ကြီးဌာနမှ စည်းကမ်းတင်းကြပ်ထားပြီး အလုပ်သမားသက်သေခံကတ် OWIC ကတ် လုပ်ငန်းစဥ်ကြန့်ကြာနေခြင်းကြောင့်  ပြည်ပသို့ ပြန်လည်ထွက်ခွာရန် ခက်ခဲနေကြောင်း အလုပ်သမားများက ပြောသည်။

    အာဏာသိမ်းကာလ နောက်ပိုင်းမှ စတင်ကန့်သတ်ထားသည့် OWIC မူဝါဒကြောင့် နေရပ်ပြန်လာကြသူများ ပြည်ပပြန်လည်ထွက်ခွာရန် OWIC ကတ် လုပ်ဆောင်နေရကြောင်း သိရသည်။

    ပြီးခဲ့သည့် မေလ ၁ ရက်နေ့မှစ၍လည်း ခွင့်ရက်ဖြင့် နေရပ်ပြန်လာသူများ OWIC ကတ် တွင် ဖော်ပြထားတဲ့ လုပ်ငန်းခွင် သို့မဟုတ် နိုင်ငံနဲ့ ကွဲလွဲမှုရှိပါကလည်း သက်ဆိုင်ရာ အထောက်အထားများ ဖြည့်စွက်တင်ပြရမည်ဟု သိရသည်။

    OWIC လုပ်ငန်းစဉ်ကြောင့် ခွင့်ရက်ဖြင့်ပြန်လာသူများ လနှင့်ချီကြာမြင့်သွားသည့်အပြင် အသက် ၃၅ နှစ်အောက် လူငယ်များကို ကတ်ထုတ်ခွင့်ပိတ်ထားသဖြင့် လုပ်ငန်းခွင်သို့ပြန်ရန် ခက်ခဲနေကြောင်း မလေးရှားမှခွင့်ရက်ပြန် မွန်ဒေသခံတစ်ဦးက ပြောသည်။

    “ ခွင့်ပြန်နဲ့ ပြန်သွားပြီး လုပ်ဖို့လျှောက်ထားတာ သုံးလေးလကြာလည်း မကျဘူး။ ပြန်ထွက်လို့မရတဲ့ သူတွေများတယ်။ ၃၅ အောက်ဆို လုံးဝကို မချပေးတာ ပြန်လာမဲ့သူတွေကို အကြပ်ကိုင်ချင်သက်သက်ပဲ သူတို့ကို ဆန့်ကျင်နေမလား။ အဲ့လိုအချက်အလက်ရချင်တာဖြစ်မယ်။ ပြည်ပထွက်ဖို့ စပြင်ဆင်နေတဲ့ သူတွေထက် ခွင့်ပြန်တွေ ပိုအခက်ကြုံတယ်” ဟုပြောသည်။

    ယခင်က PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် လုပ်သားများ OWIC ကတ် ရှိပါက မြန်မာနိုင်ငံသို့ အချိန်မရွေး ဝင်ထွက် ခွင့်ရနေရာမှ ပြည်ပပြန်ထွက်ခွင့် ကို email ဖြင့် လျှောက်ထားပြီး မှ ထွက်ခွင့်ပြုမယ်လို့စစ်ကော်မရှင် ဘက်မှ ယခုလအတွင်း သတ်မှတ်လာသည်။

    သင်္ကြန်ကာအတွင်း မြန်မာနိုင်ငံသို့ ခွင့်ရက်ဖြင့်  VIP နည်းဖြင့်လည်းကောင်း၊ တရားမဝင်နည်းဖြင့်လည်းကောင်  နေရပ်ပြန်လာကြသူ များစွာရှိနေကြောင်း သိရသည်။

    စစ်ကော်မရှင်မှ ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်သူများ လိုက်နာရမည့် ဥပဒေများ တစ်လထက်တစ်လတင်းကြပ်ထားပြီး၊ ပြည်ပထွက်ခွာမည့်လူငယ်များ နည်းပါးစေသည့် ရည်ရွယ်ချက်အပြင် နိုင်ငံရေးနှင့်သက်ဆိုင်သည့် ထောက်ပို့လုပ်ဆောင်သူများအား ထိန်းရန်အတွက် ကြပ်မတ်နေခြင်းဖြစ်သည်ဟုလည်, မွန်လူငယ်ရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောသည်။

    “သူတို့ဥပဒေက တစ်လနဲ့တစ်လ မတူဘူး ထုတ်နေတာ ၁၂ လပိုင်းထုတ်ကတည်းကလည်းခက်တယ်၊ အခုက မပြန်ခင် သံရုံးမှာ စာတင်ရတယ်၊ ဘယ်နှစ်လပြန်ဖို့ ထောက်ခံစာရယ် အသွားအပြန် လေယာဉ်လက်မှတ်ကအစပေါ့ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ အဲ့တာကို သက်သက်သွားလုပ်ရမယ်နိုင်ငံရေးကိစ္စနဲ့ ထောက်ပို့တွေကိုထိန်းဖို့လည်းပါတယ်” ဟုပြောသည်။

    ပြည်ပရောက် အလုပ်သမားများ၏ လစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းမှတစ်ဆင့် မလွှဲပါက ပြည်ပထွက်ခွာခွင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးမည်မဟုတ်သလို OWIC ကတ်လည်း ထုတ်ပေးမည် မဟုတ်ကြောင်း ၂၀၂၄ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့တွင် စစ်တပ်ခန့် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။

    ထုတ်ပြန်ချက်ကို မလိုက်နာဘဲ ခွင့်ပြန် အလုပ်သမားအဖြစ် ဟန်ဆောင်ပြီး ခွင့်စာအတုများ အသုံးပြုကာ တရားမဝင်ထွက်ခွာရန် ကြိုးစားလျှင် ပြည်ပထွက်ခွာခွင့်ကို အချိန်တစ်ခုအထိ ပိတ်ပြီး
    Blacklist အမည်ပျက် စာရင်းသွင်းသွားမည်ဟု ထုတ်ပြန်ပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks