မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ လေးကေနှင့် ဝင်းတာပန်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ ဒုတပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၂၄ ဦး ပါဝင်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။
လေးကေစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့က တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။
ထိုစခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို လိုက်လံချေမှုန်းရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး၊ ဒုတပ်ရင်းမှူး အောင်ဇော်မိုးအပါအဝင် ၁၈ ဦး အရှင်ဖမ်းဆီးရမိခဲ့သည်ဟု SOF က မေလ ၅ ရက်နေ့က ထုတ်ပြန်သည်။
ဝင်းတာပန်စခန်းသိမ်းတိုက်ပွဲတွင်လည်း စခန်းမကျရေး စစ်ကော်မရှင် တပ်မ ၄၄ လက်အောက်ခံ၊ ခလရ-၈ နှင့် ခမရ ၂ ပူးပေါင်းအင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးကာ၊ ၃၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ထံမှ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့သည့်အပြင် ကျေးရွာအတွင်း ဗုံးကျဲတိုက်ခိုက်နေသည့် စစ်တပ်၏ စက်တပ်လေထီး (paramotor) တစီးကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်ဟု SOF က ထုတ်ပြန်ထားသည်။
လေးကေနှင့် ဝင်းတာပန်စခန်းက ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်များကို အထူးတိုင်းစစ်ဌာန၏ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း -၂ တွင် စစ်သုံ့ပန်ဥပဒေအတိုင်း ထိန်းသိမ်းထားရှိသည်ဟုလည်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် စခန်းသိမ်းတိုက်ပွဲအနီးနားတဝိုက်တွင် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု နေ့စဉ် ပြုလုပ်နေသလို ဒေသတွင်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည်။














