Tuesday, May 5, 2026
More
    spot_img
    Homeသတင်းကော့ဘိန်းဒေသခံ အသက်ကြီးပိုင်းအမျိုးသားတစ်ဦး  လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ထံ ဖမ်းဆီးခံရပြီး ၉ ရက်အကြာတွင် သေဆုံးလျှက်ပြန်တွေ့

    ကော့ဘိန်းဒေသခံ အသက်ကြီးပိုင်းအမျိုးသားတစ်ဦး  လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ထံ ဖမ်းဆီးခံရပြီး ၉ ရက်အကြာတွင် သေဆုံးလျှက်ပြန်တွေ့

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းဒေသခံ အသက်ကြီးပိုင်းအမျိုးသားတစ်ဦး ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုထံ ဖမ်းဆီးခံရပြီး ၉ ရက်အကြာတွင် အသက်သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။

    ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက အသက် ၅၈ နှစ်အရွယ်ရှိ ကော့ဘိန်းရွာခံတစ်ဦးကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ကော့ဘိန်းအနီးတစ်ဝိုက်ရှိ လမ်းပိုင်းတစ်နေရာတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

    ဖမ်းဆီးခံခေါ်ဆောင်ပြီး ၉ ရက်အကြာ မေလ ၃ ရက်နေ့တွင် ဒေသတွင်းလူမှုကူညီရေးအဖွဲ့တစ်ဖွဲ့ထံ သေဆုံးသွားသည့် ကော့ဘိန်းရွာခံ၏အလောင်းကို လမ်းပိုင်းတစ်နေရာတွင် လာရောက်ယူဆောင်ရန် ဆက်သွယ်ခဲ့သဖြင့် လူမှုကူညီရေးအဖွဲ့မှ သွားရောက်ယူဆောင်ပြီး ကော့ဘိန်းသုသာန်သို့ ပို့ဆောင်ပေးခဲ့သည်။

    “သူက လူကောင်းပါ၊ လူမှုအပေါင်းအသင်းကောင်းမွန်လို့ လူတိုင်းက သူ့နဲ့ ခင်မင်ရင်းနှီးကြတယ်။ မကောင်းတဲ့အရာ တွေလည်း ဘာမှမလုပ်နေဘူး။ တော်လှန်ရေးနဲ့ပတ်သက်ပြီးတော့လည်း ဘာမှမလုပ်နေဘူး။ ကြားတာက သူပျောက်ပြီးကတည်းက သူမိသားစုနဲ့ အဆက်သွယ်မရတော့တာ။ သေပြီးမှ မိသားစုတွေက သုသာန်မှာ သွားတွေ့ကြရတာ” ဟု ကော့ဘိန်းဒေသခံတစ်ဦးက ပြောသည်။

    သေဆုံးသူ၏ ရုပ်အလောင်းတွင် သေနတ်ဒဏ်ရာများ၊ ညှဉ်းပန်းနှိပ်စက်ခံရသည့်ဒဏ်ရာများ မတွေ့ရကြောင်းလည်းဆိုသည်။

    အဆိုပါဒေသခံတွင် ဆီးချို၊ သွေးတိုး ရောဂါအခံရှိပြီး ဖမ်းဆီးခံထားရစဉ် မိသားစုနှင့်အဆက်အသွယ်မရသည့်အပြင် ဆေးကုသခွင့်လည်းမရခဲ့ကြောင်း မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “သူ့ကို ဘယ်နေရာမှာ ဖမ်းဆီးပြီး ထိန်းသိမ်းထားတာလဲဆိုတာကလည်း မသိကြဘူး။ အမှန်ဆို သူနေမကောင်းတော့ရင် မိသားစုနဲ့ ဆက်သွယ်ပြီး သူသောက်နေကျဆေးလေးတွေတော့ပို့ခွင့်ပေး ရမယ်လေ။ အခုက ဘာမှလည်း မဆက်သွယ်လာဘူး။ သူက သွေးတိုး၊ ဆီးချိုရှိတယ်လို့ ပြောတယ်။ လူကလည်း ကြောက်လန့်တော့၊ စိတ်ဓာတ်လည်း ကျလာတော့ အခုလို ဆုံးသွားတာ ဖြစ်နိုင်တယ်။ သူတို့ဖမ်းထားချိန်မှာ ဘယ်သူမှမတွေ့ကြတော့ ဘယ်သူမှ သေချာမပြောနိုင်ဘူး” ဟု ပြောသည်။

    ယခင်က ကော့ကရိတ်မြို့အခြေစိုက် စစ်ကော်မရှင်၏ သတင်းမီဒီယာဌာနမှ သတင်းသမားဟောင်းဖြစ်သည့်အတွက် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက ဒလန်ဟုဆို၍ လိုက်လံဖမ်းဆီးခံနေသည့်အတွက် နေအိမ်မှ မကြာခဏ တိမ်းရှောင်နေရကြောင်းလည်း သိရသည်။

    ကော့ဘိန်းရွာနှင့် အနီးတစ်ဝိုက်၌ လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD အပြင် ကရင်လက်နက်ကိုင်အဖွဲ့များ သွားလာလှုပ်ရှားလျှက်ရှိကြောင်း သိရသည်။

    အဆိုပါလူသေဆုံးမှုဖြစ်စဉ်ကို သိရှိရန် ဒေသတွင်း လှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD ကို IMNA မှ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks