Monday, May 4, 2026
More
    spot_img
    Homeသတင်းနှစ်စဉ်ကြုံနေရသည့် နွေရာသီသောက်သုံးရေပြဿနာကို တာဝန်ယူထားသည့် ရေပေးဝေရေးလုပ်ငန်းများ ဖြေရှင်းသင့်ပြီးဟု ဘုရားသုံးဆူဒေသခံများဆို

    နှစ်စဉ်ကြုံနေရသည့် နွေရာသီသောက်သုံးရေပြဿနာကို တာဝန်ယူထားသည့် ရေပေးဝေရေးလုပ်ငန်းများ ဖြေရှင်းသင့်ပြီးဟု ဘုရားသုံးဆူဒေသခံများဆို

    -

    ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြားအင်ဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် နှစ်စဉ် ဧပြီလနှင့် မေလအတွင်း မြို့ခံပြည်သူလူထုများ ရင်ဆိုင်နေရသည့် သောက်သုံးရေပြဿနာကို တာဝန်ယူထားသည့် ရေပေးဝေရေးလုပ်ငန်းများ ဖြေရှင်းပေးသင့်ပြီးဖြစ်ကြောင်း မြို့ခံများက IMNA သို့ ပြောသည်။

    ဘုရားသုံးဆူမြို့၌ ယခုနှစ် သင်္ကြန်မတိုင်မီရက်မှစ၍ ရေရှားပါးမှုဖြစ်နေပြီး ရေပေးဝေရေးလုပ်ငန်းများမှလည်း ဖြန့်ဖြူးပေးနိုင်ခြင်းမရှိကြောင်း သိရသည်။

    ရေကန်၊ ရေတွင်း၊ သဘာဝရေဂူများ ရေနည်းပါးနေခြင်းကြောင့် ရေပေးဝေရေးလုပ်ငန်းများမှ ပြည်သူများထံ နေ့ရက်အလိုက် အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေပေးမည် ဆိုသော်လည်း ရပ်ကွက်အချို့တွင် ရက်သတ္တပတ်ကျော်သည်အထိ ရေပေးဝေနိုင်ခြင်းမရှိသဖြင့် သောက်သုံးရေအခက်အခဲ အဆိုးရွားဆုံးအခြေအနေ ကြုံနေရသည်ဟု မြို့ခံတစ်ဦးက ဆိုသည်။

    “ရေပေးဝေရေးကုမ္ပဏီရော အဝီစီတွင်းတူးထားတဲ့သူတွေရော ရေဖြန့်ပေးနေတာရှိတယ်။ ဒါမဲ့ ရေနည်းသွားလို့ ကုမ္ပဏီကြီးက တစ်နေ့တစ်ရပ်ကွက်ပဲ ရေပေးနိုင်တယ်၊ အဝီစီတွင်းနဲ့ ဖြန့်ပေးတဲ့သူတွေကတော့ နေ့တိုင်းပေးတယ်။ ဒါမဲ့ အချိန်တော့ ကန့်သတ်ထားတယ်”ဟု ၎င်းက ဆိုသည်။

    ထို့ကြောင့် လစဉ်ပုံမှန် သတ်မှတ်ဝန်ဆောင်ခ ယူဆောင်နေသည့် ရေပေးဝေရေးလုပ်ငန်းများ နှစ်စဉ်ကြုံနေရသည့် သောက်သုံးရေပြဿနာကို ဖြေရှင်းသင့်ပြီးဖြစ်ကြောင်း အထက်ပါမြို့ခံက ဆိုသည်။

    ဘုရားသုံးဆူမြို့တွင် ရွှေချောင်းဆုံရေဖြန့်ဖြူးရေးကုမ္ပဏီအပြင် အဝီစိတွင်းတူးထားသည့် ဒေသခံများအနေဖြင့်လည်း ရပ်ကွက်အတွင်း တစ်နိုင်တစ်ပိုင် ရေးဖြန့်ဝေပေးလျှက်ရှိသည်။

    ရေသိုလှောင်ရန်ကန်များ၊ ပုံးများမရှိသည့် ဒေသခံပြည်သူများအနေဖြင့် ရေဝယ်ယူအသုံးပြုရသည့် အခြေအနေများဖြစ်ပေါ်နေပြီး အခက်အခဲများလည်း ကြုံတွေ့နေရ သည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။

    “ရေလှောင်ဖို့နေရာရှိတဲ့သူတွေဆို နည်းနည်းအဆင်ပြေနေသေးတယ်ပေါ့၊ ဒါမဲ့လည်း ချွေတာသုံးရတယ် လေ၊ ကိုယ့်အလှည့်က ဘယ်နေ့ ပြန်လာမယ်မှန်းမှ မသိတာ။ ရေလှောင်ဖို့နေရာမရှိတဲ့သူတွေဆိုအခက်အခဲ တွေရှိကြမယ်လို့ ထင်တယ်၊ ပြီးတော့ ရေကားတွေကို အားကိုးရတယ်”ဟု ပြောသည်။

    ၎င်းအပြင် ရပ်ကွက်အချို့သို့ ရေလုံးဝ ဖြန့်ဝေပေးခြင်းမရှိသော်လည်း ရေမီတာခများ ဘတ် ၅၀၀ အထိ ပေးဆောင်နေရသဖြင့် ရေအသုံးပြုသူများ ဝေဖန်ပြောဆိုလျှက်ရှိသည်။

    ယခုနှစ်နွေရာသီကာလသည် ပိုမိုပူပြင်းသည့် အပူချိန်ကြောင့် ဘုရားသုံးဆူမြို့တွင် ယခင်နှစ်ထက် ရေခမ်းခြောက်မှုဖြစ်နေကြောင်းလည်း သိရသည်။

    ရွှေချောင်းဆုံ ရေပေးဝေရေးလုပ်ငန်းမှ သဘာဝ ရေထွက်သောဂူတွင်းရေကို ထုတ်ယူဖြန့်ဖြူးနေခြင်းဖြစ်သဖြင့် ရေခမ်းခြောက်မှုကြောင့် ရေထွက်အားနည်းလာသဖြင့် ရေကိုအချိန်ပြည့်မပေးဆောင်နိုင်တော့ကြောင်း ပြီးခဲ့သည့် ဧပြီလက ထုတ်ပြန်ထားသည်။

    ရေအသုံးပြုသူများ ရေပေးဝေရေးနှင့်ပတ်သတ်၍ မကျေနပ်ချက်များရှိပါက ရွှေချောင်းဆုံ ရေပေးဝေရေးလုပ်ငန်း CEO ရုံးသို့ ရုံးချိန်အတွင်း လာရောက်ဆွေးနွေးနိုင်ကြောင်းလည်း အသိပေး ထုတ်ပြန်ထားသည်။

    သို့သော် ရွှေချောင်းဆုံရေပေးဝေရေးလုပ်ငန်းသို့ ဆက်သွယ်မေးမြန်းရာတွင် တစ်ကြိမ်တစ်ခါမျှ တုန့်ပြန်ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks