ထိုင်းနိုင်ငံတစ်ဝန်းရှိ ရွှေ့ပြောင်းအလုပ်သမားများ ဥပဒေနှင့်အညီ နေထိုင်ခွင့်နှင့်လုပ်ကိုင်ခွင့် ရှိ၊ မရှိ တင်းကြပ်စွာ စစ်ဆေးသွားရန် ထိုင်းအလုပ်သမားရေးရာဝန်ကြီးဌာနက ညွှန်ကြားလိုက်ကြောင်း ထိုင်းအလုပ်အကိုင်ခန့်ထားရေးဌာန (DOE) ၏ မေလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ထိုင်းအလုပ်သမားဝန်ကြီး မစ္စတာ ဂျုလဖွန် အမွန်ဝီဝတ် (Julapun Amornvivat) က ထိုင်းဗဟိုအစိုးရနှင့် ဒေသန္တရ အဖွဲ့အစည်းများအားလုံး ပူးပေါင်းကာ တစ်နိုင်ငံလုံးရှိ လုပ်ငန်းခွင်များနှင့် ရွှေ့ပြောင်းအလုပ်သမားများကို စေ့စေ့စပ်စပ်၊ ပိုက်စိပ်တိုက် စစ်ဆေးဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။
ထိုင်းအလုပ်အကိုင်ခန့်ထားရေးဌာန (DOE) ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဆုမ်ချိုင်းကလည်း ဝန်ကြီး၏ ညွှန်ကြားချက်အရ ဘန်ကောက်ရှိ နယ်မြေရုံး ၁၀ ခုနှင့် တစ်နိုင်ငံလုံးရှိ ခရိုင်ရုံးများသို့ ကွင်းဆင်း စစ်ဆေးရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် လုံခြုံရေးအရ ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်လုပ်ကိုင်ခွင့် Work Permit) လျှောက်ထားမှုများကိုလည်း ပိုမိုတင်းကျပ်စွာ စစ်ဆေးသွားမည်ဖြစ်ပြီး၊ သတ်မှတ်ထားသည့် အလုပ်အမျိုးအစားများထက် ကျော်လွန်လုပ်ကိုင်နေသူများကိုလည်း ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထိုင်းဥပဒေအရ အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (Work Permit) မရှိဘဲ လုပ်ကိုင်နေသူများ သို့မဟုတ် ခွင့်ပြုထားခြင်းမရှိသည့် အလုပ်အမျိုးအစားများတွင် လုပ်ကိုင်နေသူများအနေဖြင့် ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ချမှတ်ခံရနိုင်ပြီး၊ နေရပ်သို့ပြန်ပို့ခြင်းခံရနိုင်ကြောင်း သတိပေးထားသည်။
ထို့အပြင် ပြစ်ဒဏ်ကျခံရသည့်နေ့မှ စတင်၍ ၂ နှစ်အတွင်း အလုပ်လုပ်ကိုင်ခွင့် ထပ်မံလျှောက်ထားခွင့်ကိုလည်း ပိတ်ပင်ခံရမည်ဖြစ်သည်။
ထိုင်းအလုပ်ရှင်များအနေဖြင့်လည်း တရားမဝင် အလုပ်သမားများကို ခန့်ထားပါက အလုပ်သမားတစ်ဦးလျှင် ဒဏ်ငွေ ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ပေးဆောင်ရမည်ဖြစ်ပြီး ထပ်မံကျူးလွန်ပါက ထောင်ဒဏ် ၁ နှစ်အထိ သို့မဟုတ် ဒဏ်ငွေ ဘတ် ၅၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ချမှတ်ခံရနိုင်သလို နိုင်ငံခြားသားအလုပ်သမား ခန့်ထားခွင့်ကိုလည်း ၃ နှစ်အထိ ပိတ်ပင်ခံရနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မေလ ၂ ရက်နေ့တွင် စူရတ်ဌာနီခရိုင်၊ ကော့ဖငန်ကျွန်းရှိ ကလေးထိန်းဌာနတစ်ခုကို ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့များ ပူးပေါင်း ဝင်ရောက်စစ်ဆေးရာမှ အစ္စရေးကလေးငယ် ၈၉ ဦးနှင့် ခွင့်ပြုချက်မဲ့ အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၄၀ ခန့်အပါအဝင် နိုင်ငံခြားသားအလုပ်သမား ၁၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။ ထို့ကြောင့် နောက်ဆက်တွဲအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများကို တင်းတင်းကျပ်ကျပ် စစ်ဆေးရန် ထိုင်းအလုပ်သမား ဝန်ကြီးက ညွှန်ကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများအပါအဝင် ပြည်ပရွှေ့ပြောင်းအလုပ်သမား သန်းနှင့်ချီ အလုပ်လုပ်ကိုင်နေသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး၊ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာနေထိုင်သူများဆိုင်ရာ အဖွဲ့အစည်း (IOM) ၏ ၂၀၂၅ ခုနှစ် အချက်အလက်များအရ မြန်မာနိုင်ငံသား ၄.၁ သန်းခန့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြကြောင်း သိရသည်။




