ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့အနီး မက္ကသာကျေးရွာ သတ္တုမိုင်းတွင်းနေရာကို စစ်ကော်မရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မိုင်းလုပ်သား ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။
ယမန်နေ့ ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီကနေ ညနေ ၅ နာရီအထိ မက္ကသာကျေးရွာ သတ္တုမိုင်းတွင်းနေရာကို စစ်တပ်က လေယာဉ် အကြိမ်ကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။
စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သတ္တုမိုင်းတွင်းတွင် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားအပါအဝင် သတ္တုမိုင်းတွင်းလုပ်သား ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ဒဏ်ရာရရှိသူများကို ထိုင်းဘက်ခြမ်း စံခလပူရီဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မိုင်းတွင်းကလူတွေရဲ့ ပြောပြချက်အရတော့ ဗုံးအလုံး ၅၀ လောက်ရှိတယ် ကြဲချသွားတာ။ မိုင်းတွင်းတလျှောက်လုံးကို ကြဲချသွားတာ။ အများစု ထိတာက မိုင်းတွင်းအလုပ်သမားတွေပဲ ထိတာ။ သေဆုံးတာတွေလည်း ရှိတယ်လို့ ပြောတယ်။ ဒါပေမဲ့ အသေးစိတ်တော့ အတည်ပြုလို့မရသေးဘူး” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။
စစ်တပ်က လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မက္ကသာ သတ္တုမိုင်းတွင်းရှိ အဆောက်အဦးများလည်း ထိခိုက်ပျက်စီးမှု ရှိသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့ နံနက်အစေားပိုင်းကလည်း မက္ကသာကျေးရွာဝန်းကျင်နှင့် အနီးရှိ သတ္တုမိုင်းတွင်းနေရာများကို စစ်ကော်မရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက်သေဆုံးမှု မရှိသော်လည်း သတ္တုမိုင်း အဆောက်အဦး ထိခိုက်ပျက်စီးမှု ရှိခဲ့သေးသည်။
၂၀၂၂ ခုနှစ်ကလည်း မက္ကသာကျေးရွာအနီးရှိ သတ္တုမိုင်းလုပ်ကွက်နေရာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မိုင်းလုပ်ကွက်ရှိ တရုတ်နိုင်ငံသားများအပါအဝင် မိုင်းလုပ်သားအချို့ ထိခိုက်သေဆုံးမှု ရှိခဲ့သည်။
ဘုရားသုံးဆူမြို့နှင့် ၁၅ မိနစ်သာ သွားရသည့် ကရင်အမျိုးသား အစည်းအရုံး ( KUN) တပ်မဟာ ၆ ထိန်းချုက်နယ်မြေအတွင်းရှိ မက္ကသာ သတ္တုမိုင်းလုပ်ကွက်များကို စစ်တပ်က လေယာဉ်ဖြင့် မကြာခန ဗုံးကြဲ တိုက်ခိုက်လေ့ရှိပြီး လူထိခိုက်သေဆုံးမှုလည်း ရှိသည်။




