ကရင်ပြည်နယ်၊ ကော့ကရိတ်တောင်ပိုင်း၊ အံဖကြီးကျေးရွာတွင် စစ်ကော်မရှင်တပ်မှ ဒရုန်းဖြင့်တိုက်ခိုက်သဖြင့် အသက်ကြီးပိုင်းအမျိုးသမီး ၁ ဦးနှင့် ကလေးငယ် ၁ ဦး သေဆုံးခဲ့ရသည့်အပြင်၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရကြောင်း သိရသည်။
နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကြောင်လျှာကုန်းနှင့် ကမိုင်ကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့များ ယမန်နေ့ ဧပြီလ ၂၉ ရက်နေ့၊ မွန်းလွဲ ၂ နာရီကျော်ဝန်းကျင်က အံဖကြီးကျေးရွာသို့ ဒရုန်းဖြင့် ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်။
ရွာအတွင်းရှိ နေအိမ်များအနီးတွင် ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၆၃ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးနှင့် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပြီး နေအိမ်အပြင်ရှိ အခြားကလေးငယ်နှစ်ဦးလည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်ဟု မိသားစုဝင်နှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကလေးတွေက အိမ်အပြင်မှာ ဆော့ကစားနေကြတာပေါ့။ ဒရုန်းလာတာကို ဒရုန်းတွေတွေ့တော့ ကလေးရဲ့သဘာဝအတိုင်း နည်းနည်းထူးဆန်းရင် လိုက်ကြည့်ကြတာပေါ့ကွယ်။ အဲဒါကို သူတို့က တစ်ခါတည်းချသွားတာ။ သူတို့က ကလေးလား၊ ရန်သူဆိုတာကို မသိကြတော့ဘူးလား။ ဘေးမှာ ရှိနေတဲ့ လူကြီးတစ်ယောက်ကတော့ ပွဲချင်းပြီးပဲ၊ ကလေးတစ်ယောက်ကတော့ ဘားအံဆေးရုံကိုပို့ဖို့ လုပ်သေးတယ်၊ မမှီခဲ့ဘူး။ လမ်းမှာ ဆုံးသွားတယ်။ ကျမတို့လည်း ငိုရုံကလွှဲပြီး ဘာမှမတတ်နိုင်ဘူး” ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ဘေးရှောင်ရာနေရာမှ မကြာသေးမီက ပြန်လည်ဝင်ရောက်လာသည့် အံဖကြီးရွာခံများက ဘေးလွတ်ရာနေရာသို့ ထပ်မံတိမ်းရှောင်နေကြပြီး ကျေးရွာသို့ ဝင်ရောက်နေထိုင်ရန် ယုံကြည်ရသည့် အနေအထားမရှိနိုင်တော့ဟု ဆိုသည်။
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ကမိုင်ကုန်းနှင့် ကြောင်လျှာကုန်းကျေးရွာအတွင်း ဝင်ရောက်တပ်စွဲသည့်နောက် အနီးတစ်ဝိုက်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်း မရှိသော်လည်း လက်နက်ကြီး၊ ဒရုန်းများဖြင့် မကြာခဏဝင်ရောက်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။
“ရွာသားတွေက ဘယ်လိုနေထိုင်ရမှန်းကို မသိတော့ဘူး။ တိုက်ပွဲဖြစ်တာလည်း မဟုတ်ဘူး၊ ဒီအတိုင်း ဒရုန်းတွေနဲ့ ကင်းလှည့်ပြီး တစ်ခါတစ်လေကျတော့လည်း မထင်ရင်မထင်သလို ပစ်တယ်။ တစ်ခါတစ်လေ လှည့်ပြန်သွားတယ်။ လက်နက်ကြီးနဲ့လည်း ရွာဘေးလိုနေရာတွေမှာ မကြာခဏ ပစ်တယ်။ ရမ်းသမ်းပြီး ပစ်တဲ့သဘောပါ၊ တစ်ခါတစ်လေ ရွာသားတွေက ပြေးမှီလို့ရှိရင် အိမ်တွေပဲ ထိတယ်။ ပြေးမမှီရင်တော့ ထိကြတယ်။ အဲလို အခြေအနေတော့ ရှိတယ်” သာယာကုန်းရွာခံ တစ်ဦးက ပြောသည်။
ကမိုင်ကုန်းရှိ စစ်ကော်မရှင်တပ်များသည့် ပြီးခဲ့သည့် အာရှလမ်းတိုက်ပွဲကပင် ရွာအတွင်း ဝင်ရောက်တပ်စွဲခဲ့ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် တပ်စုခွဲကာ ကြောင်လျှာကုန်းရွာသို့ ပြီးခဲ့သည့် ရက်ပိုင်းက ဝင်ရောက်လာခြင်းဖြစ်သည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိ သာယာကုန်းရွာကို ပြီးခဲ့သည့် မတ်လ ၃၀ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရသေးသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလကပင် ကော့ကရိတ်-မြဝတီအာရှလမ်းပိုင်းကို စစ်ကော်မရှင်က ထိန်းချုပ်နိုင်ခဲ့သည့်နောက် ကော့ကရိတ်တောင်ပိုင်းရှိ ကျေးရွာအချို့တွင် တပ်စွဲပြီး ရမ်းသမ်းပစ်ခတ်နေသလို ကော့ကရိတ်မြောက်ပိုင်းရှိ တော်လှန်ရေးပူးပေါင်းတပ်များ တပ်စွဲထားသည့် နေရာများသို့လည်း စစ်ကော်မရှင်က စစ်ကြောင်းထိုးဝင်ရောက်နေသည့်အတွက် နေ့စဉ်နီးပါးဖြစ်ပွားနေကြောင်း တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။




