လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုဦးစီးမှူး ပြန်လည်လွတ်မြောက်လာကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။
ခေါဇာမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့တာဝန်ခံ ဦးကျော်သူ (ဒုဦးစီးမှူး) ဆိုသူသည် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က မုဒုံမြို့မှ ရေးမြို့သို့ သွားရောက်စဉ် သံဖြူဇရပ် – ရေးကားလမ်းပိုင်း၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာလမ်းဝအနီးတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီး ၄ ရက်အကြာ ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းအချိန်ခန့်တွင် ဦးကျော်သူကို သံဖြူဇရပ် -ရေးကားလမ်းပိုင်း၊ သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာအနီးတွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သူ့ (ဦးကျော်သူ) ကို လက်နက်ကိုင်တွေက ဖုန်းနဲ့ ပိုက်ဆံအိတ်ပြန်ပေးပြီးတော့ မျက်လုံးကို အဝတ်စည်းပြီးတော့ ကားနဲ့ ဝဲခမိကျေးရွာအနီးကို ခေါ်ဆောင်လာပြီးတော့ သံဖြူဇရပ် – ရေးကားလမ်းဘေးမှာ ချထားပေးခဲ့တာလို့ ပြောတယ်။ ဖုန်းကတဆင့် သက်ဆိုင်ရာကို အသိပေးလို့ သူ့ကို သွားခေါ်ကြတာ” ဟု ၎င်းက ပြောသည်။
ဦးကျော်သူသည် ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် လတ်တလောတွင် သက်ဆိုင်ရာက စစ်ဆေးမှုများ လုပ်ဆောင်လျှက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။
ခေါဇာမြို့ စိုက်ပျိုးရေးဦးစီးဌာန ဒုဦးစီးမှူး ဦးကျော်သူသည် ရေးမြို့နယ်အတွင်း နယ်မြေ တည်ငြိမ်အေးချမ်းမှု မရှိသည့်အတွက် မုဒုံမြို့တွင် နေထိုင်နေရသူတစ်ဦးဖြစ်ကြောင်း အလုပ်ကိစ္စဖြင့် ရေးမြို့သို့ ကားဖြင့် ပြန်လာစဉ် ရေးမြို့နယ် နှစ်ကရင်ကျေးရွာလမ်းဝတွင် လက်နက်ကိုင်အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
အလားတူ ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့ကလည်း သံဖြူဇရပ် – ရေးကားလမ်းပိုင်း ရေးမြို့နယ် လိမ္မော်ခြံကျေးရွာအနီးတွင် ရေးခရိုင်ထွေ/အုပ် ဝန်ထမ်း ၃ ဦးကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ဧပြီလ ၂၈ ရက်နေ့အထိ မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
မွန်ပြည်နယ် ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြား အမှတ် (၈) ပြည်ထာင်စုလမ်းမကြီး သံဖြူဇရပ် – ရေးလမ်းပိုင်းတွင် စစ်ကော်မရှင်တပ်အပြင် လက်နက်ကိုင်အဖွဲ့အစည်းမျိုးစုံ သွားလာလှုပ်ရှားနေကြသည်။




