Tuesday, April 28, 2026
More
    spot_img
    Homeသတင်းဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ တပ်စခန်း ၃ ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ၂ လအတွင်းသိမ်းပိုက်

    ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ တပ်စခန်း ၃ ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ၂ လအတွင်းသိမ်းပိုက်

    -

    ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချူပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ စစ်ကော်မရှင်၏ တပ်စခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ သိရသည်။

    လူသောမြို့နယ်ရှိ စစ်ကော်မရှင်၏ တပ်စခန်း ၄ ခုအနက် ပြီးခဲ့သည့်မတ်လအတွင်းက ကော်သွေးကျိုးတပ်စခန်းနှင့် ထနဲကျိုးတပ်စခန်းကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဧပြီလ ၂၅ ရက်နေ့ကလည်း ကဘောတူတပ်စခန်းကို ထပ်မံသိမ်းပိုက်ရရှိခဲ့သည်ဟု စခန်းသိမ်းတိုက်ပွဲတွင်ပါဝင်သည့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

    အချိန် ၂ လနီးပါး တိုက်ပွဲဝင်ပြီးနောက် အဆိုပါစခန်း ၃ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

    “ လူသောမြို့နယ်မှာတော့ သူတို့စခန်း ၄ လုံးရှိတယ်။ အခုကတော့ ၃ လုံးကိုတော့ ကျနော်တို့ သိမ်းလိုက်ပါပြီ။ အဲစခန်း ၃ ခု ရဖို့က အချိန်ကတော့ နှစ်လနီးပါးလောက် ယူလိုက်ရတယ်။ ပထမ ၂ လုံးကတော့ မတ်လမှာ သိမ်းတယ်။ နှစ်ပတ်အတွင်းမှာပဲ ရခဲ့တယ်။ အခု ဒီလမှာထပ်သိမ်းလိုက်တဲ့ ကဘော်တူတပ်စခန်းကတော့ အချိန်တစ်ပတ်လောက် ယူလိုက်ရတယ်” ဟု အထက်ပါ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

    မတ်လက ဖော်ဆောင်ခဲ့သည့် စခန်းသိမ်းတိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကော်မရှင်ဘက်က ၂၁ ဦး သေဆုံးပြီး တပ်ရင်းမှူးနှင့် အရာရှိအပါအဝင် ၉၃ ဦးတို့က ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ကဘောတူတပ်စခန်းသိမ်းတိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှု အချက်အလက်များကို မသိရသေးကြောင်း ဆိုသည်။

    လူသောမြို့နယ်အတွင်း တော်လှန်ရေးပူးပေါင်းတပ်တို့ သိမ်းပိုက်ရရှိထားသည့် စခန်းနေရာများကို ပြန်လည်ရရှိရေး စစ်ကော်မရှင်ဘက်မှ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုအပါအဝင် မြေပြင် ထိုးစစ်ဆင်မှုများလည်း ဆက်လက်လုပ်ဆောင်နေကြောင်း ဖာပွန်ဒေသရှိ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

    “သူတို့လူရှိတဲ့နေရာတွေကို Y-12၊ Y-8 လေယာဉ်တွေနဲ့ လက်နက်ပစ္စည်းတွေ၊ ရိက္ခာတွေ လာချနေတာ ရှိတယ်။ ကျနော်တို့ သိမ်းပိုက်ထားတဲ့နေရာတွေကိုလည်း Y-12 ဂျက်ဖိုက်တာ လေယာဉ်နဲ့ ခနခနဗုံးလာကျဲတုန်း။ သူတို့ဘက်က ထိုးစစ်လုပ်နေတဲ့အတွက် တိုက်ပွဲကတော့ ဖြစ်နေဆဲပဲဗျ။ တိုက်ပွဲမှာတော့ တပ်မဟာ ၅ က PDF တွေနဲ့ ပူးပေါင်းသိမ်းနေတာပါ” ဟု ပြောသည်။

    ဖာပွန်ဗျူဟာကုန်းအပါအဝင် ကျန်စစ်စခန်းနေရာများကို တော်လှန်ရေးပူးပေါင်းတပ်များက ပိတ်ဆို့ထားပြီး တိုက်ပွဲများ ဆက်လက်ဖော်ဆောင်ရန်ရှိကြောင်းလည်း ဆိုသည်။

    ထိုကြောင့် စစ်ကော်မရှင်ဘက်မှလည်း စခန်းပြည်လည်ရရှိရေးနှင့် စခန်းမကျရေးအတွက် အင်အားဖြည့်တင်းမှုများ ဆက်တိုက်လုပ်ဆောင်နေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း တော်လှန်ရေးအဖွဲ့ဘက်မှ အသိပေးပြောဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,600SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks