တနင်္သာရီမြို့နယ်အတွင်း စစ်ကော်မရှင်စစ်တပ်မှ အင်အားအလုံးအရင်းဖြင့် တပ်ဖြန့်ထားမှုကြောင့် စစ်ရေးအခြေအနေ တင်းမာနေပြီး ဘောဓိကမ်း – ညောင်ပင်ကွင်း ကျေးရွာလမ်းပိုင်းတစ်လျှောက်ရှိ ဒေသခံအချို့ ပိတ်မိနေသူများရှိကြောင်း သိရသည်။
ဒေသတွင်း တော်လှန်ရေးသတင်းအရင်းမြစ်များ၏ ပြောပြချက်အရ စစ်တပ်မှ အင်အား ၁၀၀ ကျော်ဖြင့် တပ်ဖြန့်နေရာယူထားသည့် တနင်္သာရီမြို့ ဘောဓိကမ်း – ညောင်ပင်ကွင်းလမ်းပိုင်း ဘန်လော၊ ၅ မိုင်၊ ၆ မိုင် နှင့် ထုံတော်ကျေးရွာများမှ ဒေသခံအချို့ပိတ်မိနေခြင်းဖြစ်သည်ဟု ဆိုသည်။
တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားသဖြင့် အဆိုပါလမ်းပိုင်းကို အသုံးပြုခြင်းမပြုရန်နှင့် တိမ်းရှောင်ရန် မြိတ်ခရိုင် အမှတ် (၂) တပ်ရင်း မှ ဧပြီ ၂၂ ရက်နေ့က တွင် သတိပေးထုတ်ပြန်ထားသည်။
မြေပြင်တွင် ထုတ်ပြန်ချက်ကြောင့် ထွက်ပြေးတိမ်းရှောင်သူများသလို မပြောင်းရွေ့သူများ စစ်ကော်မရှင်မှ လမ်းပိုင်းပိတ်ဆို့ထားမှုကြောင့် ပိတ်မိနေသည်ဟုလည် မိတ်ခရိုင်အမှတ် ၂ တပ်ရင်းမှ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက IMNA သို့ ပြောကြားသည်။

“နေ့စဉ်ထိတွေ့တိုက်ပွဲများဖြစ်နေလို့ပါ ရန်သူကဒီလမ်းပိုင်းမှာ နေရာချထားပါတယ် ဆင်ခေါင်း၊ ၅မိုင်၊ ၆မိုင် နေရာတွေ အင်းအာကတော့ ခန့်မှန်းခြေဆို တစ်ရာကျော်တယ်။ မြေပြင်မှာလဲ ပြောထားပြီးသားပါ။ မြေပြင်မှာတော့ တစ်ချို့ရွာတွေဆို ပြောင်းရွေ့နေကြတာပဲ မပြောင်းရွေ့သွားတဲ့သူတွေကတော့ စစ်တပ်က ရွာအပြင်မပေးထွက်ဘူး ရွာထဲမှာပဲ ပိတ်မိနေတာပေါ့ ” ဟု သူက ဆိုသည်။
အဆိုပါလမ်းပိုင်းတွင် အချိန်မရွေး နှစ်ဖက်တိုက်ပွဲ ဖြစ်ပေါ်လာနိုင်သည့်အပြင် စစ်ကော်မရှင်ဘက်မှ ဒရုန်းနှင့် လေယာဉ်ကို အသုံးပြု၍ တိုက်ခိုက်လာနိုင်သည့် အန္တရာယ်များလည်း ရှိနေသည်။
ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က အဆိုလမ်းပိုင်း၌ စစ်ကော်မရှင်စစ်တပ်နှင် တော်လှန်ရေးတပ်ဖွဲ့တို့ကြား အနီးကပ် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့သေးသည်။
ယနေ့အထိ စစ်ကော်မရှင်စစ်တပ်မှ အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးတလျှောက် တနင်္သာရီမှ ဘုတ်ပြင်းအထိ အင်အားအလုံးအရင်းဖြင့် တပ်ဖြန့်နေရာယူထားသည့်အပြင် ကျေးရွာအတွင်းလည်း စခန်းချတပ်စွဲ့ထားသည်ဟု သိရသည်။
“ အဓိကကတော့ အပြင်လမ်းပဲဖြစ်ဖြစ် အတွင်းလမ်းပဲ ဖြစ်ဖြစ်သွားလာရင် ဂရုစိုက်ကြပါလို့ တိုက်တွန်းပြောချင်ပါတယ်။ ဘောဓိကမ်းနဲ့ ညောင်ပင်ကွင်းလမ်းကိုလဲ သွားလာအသုံးပြုလို့မရသလို mainလမ်းမကြီးကိုလည်း အသုံးပြုဖို့အတွက် ကျနော်တို့ အာမခံချက် မပေးနိုင်ဘူး။ ဘာလို့လဲဆိုတော့ စစ်ခွေးကလမ်းမကြီးတလျှောက် တနင်္သာရီနဲ့ ဘုတ်ပြင်ကြားမှာ အကုန်စခန်းချ တပ်ဖြန့်ထားတဲ့အတွက် အသုံးပြုဖို့ အာမခံချက် မပေးနိုင်ဘူးနော်။ ” ဟု အထက်ပါ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
ထို့ကြောင့် ဒေသခံပြည်သူတို့၏ လုံခြုံရေးအရ တော်လှန်ရေးတပ်ဖွဲ့တို့ ထုတ်ပြန်ထားသည့်အတိုင်း လိုက်နာကြရန်နှင့် အသုံးမပြုကြရန် ထုတ်ပြန်ထားသည့် အဆိုပါလမ်းပိုင်းကို တော်လှန်ရေးတပ်ဖွဲ့တို့မှ တစ်စုံတစ်ရာ ထုတ်ပြန်ချက် မထွက်ပေါ်လာသည့်အချိန်ထိ ယင်းလမ်းပိုင်းကို အသုံးမပြုကြရန် တိုက်တွန်းထားသည်။




