Thursday, April 23, 2026
More
    spot_img
    Homeသတင်းတနင်္သာရီတွင် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှု ဆက်တိုက်ဖြစ်နေပြီး ကလေးငယ် ၁ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရရှိ

    တနင်္သာရီတွင် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှု ဆက်တိုက်ဖြစ်နေပြီး ကလေးငယ် ၁ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရရှိ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်နှင့် ရေဖြူမြို့နယ်တို့တွင် ယခုနှစ် ဧပြီလအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှု ၄ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရရှိထားကြောင်း IMNA မှ စုစည်းထားသည့် အချက်အလက်များအရ သိရသည်။

    ဖြစ်စဉ်များအနက် ဧပြီ ၁၁ ရက်နေ့တွင် ရေဖြူမြို့နယ် ရာဖူးရွာအနီးရှိ ရော်ဘာခြံတစ်ခုတွင် လုပ်ငန်းလုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားမိသားစုတစ်စု ခြံအတွင်း မြေမြှုပ်မိုင်း ၂ လုံး ဆက်တိုက်နင်းမိ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မိသားစုဝင် ၅ ဦးလုံး ဒဏ်ရာရရှိခဲ့ပြီး ဖခင်နှင့် သမီးဖြစ်သူမှာ ဒဏ်ရာပြင်းထန်သဖြင့် ခြေတစ်ဖက်စီ ဖြတ်တောက်ခဲ့ရသည်။

    ထို့နောက် သင်္ကြန်အကြတ်နေ့ဖြစ်သည့် ဧပြီ ၁၅ ရက်တွင် သရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်ရွာတွင် ကလေးငယ်နှစ်ဦး နေအိမ်ခြံဝင်းအနီး မိုင်းနင်းမိရာ အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး အသက် ၁၄ နှစ်အရွယ် ကလေးမှာ ဒဏ်ရာရရှိခဲ့သည်။

    အလားတူ သရက်ချောင်းမြို့အနီး အပန်းဖြေတောင်ဘုရားတောင်ခြေတွင် ဧပြီလ ၁၇ ရက်နေ့က အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး ဥယျာဉ်ခြံသို့သွားစဉ် လမ်းပေါ်တွင် မိုင်းနင်းမိခဲ့ပြီး ညာဘက်ခြေတစ်ဖက် ဖြတ်တောက်ခဲ့ရကြောင်း သိရသည်။

    ဒေသခံများ မြေမြှုပ်မိုင်း ဆက်တိုက် နင်းမိပေါက်ကွဲမှုဖြစ်နေသော်လည်း စစ်ကော်မရှင်နှင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့များ တစ်စုံတစ်ရာ သတိပေးပြောဆိုခြင်းများ မရှိဟု ရာဖူးဒေသခံတစ်ဦးက ဆိုသည်။

    “ထိတဲ့သူတွေရှိပြီးမှ ဟိုဘက်မသွားနဲ့ ဒီဘက်မသွားနဲ့ မိုင်းတွေရှိတယ်ဆိုပြီး စစ်တပ်တွေက ပြောပြတယ်။ စစ်တပ်တွေ မိုင်းမြှုပ်လိုက်၊ KNU တွေ မိုင်းမြှုပ်လိုက်နဲ့ ကြာက ဒေသခံတွေကပဲထိတယ်။ ခြံဆိုလည်းမသွားရဲလို့ နားထားရတယ်၊ ဒါမဲ့ စားစရာမရှိတော့ သွားလုပ်ရပြန်တယ်၊ ထိတဲ့သူကထိတယ်” ဟု ပြောသည်။

    ယခုပေါက်ကွဲမှု ဖြစ်ပွားရာနေရာများသည် စစ်ကော်မရှင်အပါအဝင် ဒေသတွင်း လှုပ်ရှားနေသည့် KNU တပ်ဖွဲ့များ ဝင်ထွက်သွားလာရာနေရာများ ဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

    မြေမြှုပ်မိုင်းနှင့်ပတ်သတ်၍ သာယာမွန်ရွာနှင့် ရာဖူးရွာအတွင်း လှုပ်ရှားနေသည့် KNU နှင့် စစ်ကော်မရှင်အဖွဲတို့ တစ်လှည့်စီ ဝင်ရောက်စစ်ဆေးမှုများလုပ်ဆောင်နေသဖြင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်လာမည်ကို ဒေသခံများစိုးရိမ်နေကြသည်။

    “မိုင်းတွေ ပေါက်ကွဲလို့ စစ်တပ်တွေက ရာဖူးရွာကို ဝင်လာကြတယ်။ မနေ့ညနေက ပြန်ထွက်သွားတယ်။ ကရင်တွေဝင်လိုက်၊ စစ်တပ်တွေဝင်လိုက် ဝင်လိုက်ထွက်လိုက် ဖြစ်နေတယ်၊ အဲကြောင့်ဘယ်တော့ တိုက်ပွဲဖြစ်မှာကို ထွက်ပြေးဖို့ ပြင်ဆင်နေရတယ်” ဟု သာယာမွန်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် ဧပြီလပထမအပတ်ကလည်း ရာဖူးရွာအနီး၌ ဇနီးမောင်းနှံ ၂ ဦး ဆိုင်ကယ်ဖြင့် ဥယျာဉ်ခြံသို့ သွားစဉ် မိုင်းနင်းမိသော်လည်း လူထိခိုက်မှုမရှိခဲ့ပေ။

    လက်ရှိ တနင်္သာရီမြို့နယ်တွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် ဒေသခံပြည်သူများ လုံခြုံရာနေရာသို့ တိမ်းရှောင်ရန် တော်လှန်ရေးတပ်ဖွဲ့ဘက်မှ သတိပေးထုတ်ပြန်ထားသည်။

    တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၂၅ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအထိ ၆ လတာတွင် မိုင်းပေါက်ကွဲမှု ၂၂ ကြိမ်ဖြစ်ပွားခဲ့ကာ လူ ၅ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သုတေသနအဖွဲ့ ဖြစ်သည့် Tide Information Unit (TIU )၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    စစ်အာဏာသိမ်းကာလအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်များကြောင့် တနင်္သာရီတွင် ဒေသခံများ၏ နေ့စဉ်ဘဝ ပိုမိုကျပ်တည်းလာပြီး မိုင်းအန္တရာယ် သတိပြုနေထိုင်နေရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,600SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks