ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ တအာင်းရွာများ၏ အဝင်ဆိုင်းဘုတ်များ တရုတ်စာအဖြစ် ပြောင်းလဲရေးသားခံရမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း တအာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ယက် (TCSN) မှ ပြောရေးဆိုခွင့်ရှိသူ မိုင်းကာန်ဟာဝ်က IMNA ကို ပြောသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထံကနေ ကိုးကန့်တပ်ဖွဲ့ (MNDAA) က သိမ်းယူပြီးနောက် တအာင်းရွာအဝင်ဆိုင်းဘုတ်များကို ယခုလို ပြောင်းလဲ ရေးသားလာခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းကာန်ဟာဝ်က “လူမျိုးတစ်မျိုးရဲ့ ဒေသခံတွေရဲ့ ဆန္ဒမပါဘဲနဲ့ သူတို့ရဲ့ဆန္ဒကို မေးမြန်းခြင်း မရှိဘဲနဲ့ သူတို့ရဲ့ ဆန္ဒကို ဆန့်ကျင်ပြီးမှ လူမျိုးတစ်မျိုးရဲ့ စာပေနဲ့ ဝိသေသလက္ခဏာကို ဖျတ်ဆီးပြီးတော့မှ အခုဆို ပိုဆိုးတာ တရုတ်မှုနဲ့ ပြုလုပ်လာတဲ့ဟာတွေပေါ့နော်၊ ဒီအပေါ်မှာတော့ TCSN အနေနဲ့ ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ အဲဒီလုပ်ရပ်ဟာ လူ့အခွင့်အရေးစံနှုန်းနဲ့လည်း မကိုက်ညီသလို နိုင်ငံတကာဥပဒေစံနှုန်းနဲ့လည်း မကိုက်ညီပါဘူး။ ကျနော်တို့ တောင်းဆိုနေတဲ့ ဖက်ဒရယ်မူတစ်ခုဖြစ်တဲ့ လူမျိုးပေါင်းစုံ အတူယှဉ်တွဲ နေထိုင်ရေးဆိုတဲ့ မူနဲ့လည်း ကိုက်ညီမှု မရှိပါဘူး။ ပဋိပက္ခကို ဖန်တီးတဲ့ လုပ်ရပ်ပဲဖြစ်တယ်” ဟု ပြောသည်။
၂၀၂၆ ခုနှစ် မတ်လ ဒုတိယပတ်တွင် ကွတ်ခိုင်မြို့တွင် TNLA နှင့် MNDAA တို့ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားလာခဲ့ပြီး မဟာမိတ်ဆက်ဆံရေးတွင် အက်ကြောင်းများ ရှိခဲ့ကြောင်း၊ တအာင်းကျေးရွာ ဆိုင်းဘုတ်များကို တရုတ်စာ ပြောင်းလဲမှုတွင်လည်း လောက်ကိုင် ဆွေးနွေးပွဲအတိုင်း လိုက်နာ ဆောင်ရွက်မှု အားနည်းသည်ကို တွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။
ကွတ်ခိုင်မြို့နယ်အတွင်းရှိ ဟိုနောင်၊ မန်တုံ၊ တုံဆင်ကြီး၊ ကုန်းချမ်း၊ ဟိုဆောင်၊ နမ်လတ်၊ မန်မောဝ်၊ ပန်ကူ၊ ပန်လော့၊ ပန်ဆေး၊ လုံကြိမ် စသောကျေးရွာအဝင်ဆိုင်းဘုတ်များအား တရုတ်စာ၊ မြန်မာစာဖြင့် ရေးသားလိုက်သည်ကို တွေ့ရသည်။
ယခုလို တအာင်းကျေးရွာများကို တရုတ်စာဆိုင်းဘုတ်ပြောင်းလဲရေးသားခြင်းအပေါ် မိမိတို့အနေဖြင့် စိတ်မကောင်းခြင်းမှလွဲကာ ဘာမှလုပ်ဆောင်၍မရကြောင်း လားရှိုးတအာင်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးအိုက်ချာက ပြောသည်။
“ကျနော်တို့က စာပေယဉ်ကျေးမှုကဆိုတော့ တခြားနိုင်ငံရေး လုပ်လို့ မရဘူးလေ၊ ဘာမှလည်း ပြောပိုင်ခွင့်မရှိဘူး။ စိတ်မကောင်းတာကလွဲပြီး ကျနော်တို့လည်း ဘာမှ လုပ်လို့မရဘူး။ သူတို့က လက်နက်ကိုင်အဖွဲ့အစည်းဆိုတော့လေ” ဟု ပြောသည်။
ကွတ်ခိုင်မြို့တွင် MNDAA နှင့် TNLA တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက်ခေါင်းဆောင်တို့ လောက်ကိုင်မှာ ဆွေးနွေးခဲ့ပြီး နှစ်ဖက်တပ်က မဟာမိတ်အဖြစ်ဆက်လက်လက်တွဲသွားရန် နှင့် မြေပြင်ပြဿနာများကို ခေါင်းဆောင်အချင်းချင်း ဖြေရှင်းဖို့ သဘောတူခဲ့ကြသည်။
အဆိုပါ သဘောတူညီချက်များကို MNDAA ဖက်က လိုက်နာမှု အားနည်းနေပြီး တအာင်းတမျိုးသားလုံးက အမြတ်တနိုးတန်ဖိုးထားသော အမျိုးသားအလံ နှင့် အလံသင်္ကေတကို ဖျတ်ဆီးပစ်သော ကိစ္စများ၊ ဒေသခံများကို တပ်သားစုဆောင်းနေမှုများ၊ ဆွေးနွေးပွဲက သဘောတူထားသော နယ်မြေထက် တဖြည်းဖြည်းချင်း ချဲ့လာသော ကိစ္စများ လုပ်ဆောင်နေကြောင်း TCSN ၏ ပြောရေးဆိုခွင့်ရှိသူ မိုင်းကာန်ဟာဝ်က ပြောသည်။
တအာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ယက် (TCSN) ကို တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU)၊ တအာင်းဥပဒေအထောက်အကူပြု ဖောင်ဒေးရှင်း (TLAF)၊ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)၊ တအာင်းပညာရေးအင်စတီကျူ့ (TEL)၊ တအာင်းကျန်းမာရေးအဖွဲ့အစည်း (THO) နှင့် တအာင်းသဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့ (TEWG) တို့ဖြင့် ဖွဲ့စည်းထားသည်။



