Thursday, April 23, 2026
More
    spot_img
    Homeသတင်းစစ်တပ် ဦးဆောင်သည့် အစိုးရလက်ထက် တရုတ်စီမံကိန်းများ တိုးချဲ့ပြန်စမည်

    စစ်တပ် ဦးဆောင်သည့် အစိုးရလက်ထက် တရုတ်စီမံကိန်းများ တိုးချဲ့ပြန်စမည်

    -

    အာဏာသိမ်းစစ်အရာရှိများ၏ အသွင်ပြောင်း အစိုးရသက်တမ်း တစ်လပင် မပြည့်မီ မြန်မာနိုင်ငံအတွင်းရှိ ရပ်ဆိုင်းထားရသော တရုတ်စီမံကိန်းများ၊ စီမံကိန်းအသစ်များ စတင်မည့်သတင်းများကို ပြန်ကြားရေးဝန်ကြီး ဌာနက ဆက်တိုက်ပင် ထုတ်ပြန်လာသည်။

    တရုတ်နိုင်ငံအနေဖြင့် BRI ပိုးလမ်းမ စီမံကိန်းကို ပူးပေါင်းဆောင်ရွက်ရန် တက်ကြွစွာ တွန်းအားပေးသွားမှာဖြစ်ကြောင်း ဧပြီလအတွင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထုတ်ပြောခဲ့သည်။

    တရုတ်၏ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်အတွင်း စီးပွားရေးအခွင့်အလမ်းများ တိုးတက်ရန်အတွက် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မှ ရခိုင်ပြည်နယ် ကျောက်ဖြူဒေသသို့ ဖောက်လုပ်မည့် BRI ရထားလမ်းစီမံကိန်း ပြန်စရေး တရုတ်၊ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား ဆွေးနွေးနေကြောင်း သတင်းများ ထွက်ပေါ်လာသည်။

    “ဟို ဒီလိုဗျ။ တရုတ်က ပြီးခဲ့တဲ့လက အစိုးရအဖွဲ့ဝင်တွေအစည်းအဝေးမှာ ဒီ ၅ နှစ်ကနေ ၁၅ နှစ်အတွင်း ယူနန်ပြည်နယ်တိုးတက်ရေးကို တစိုက်မတ်မတ် အကောင်အထည်ဖော်ဖို့ သူတို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒီတော့ သူတို့အတွက်က ဒီ မူဆယ်ကနေ ကျောက်ဖြူရထားလမ်းက ဖွင့်မှကို ရမယ်။ ဘာလို့ဆို ဒီရထားလမ်းက တခြားနိုင်ငံတွေနဲ့ ချိတ်ဆက်ထားတဲ့ အပိုင်းတွေက အားလုံး ပြီးသလောက်ဖြစ်နေချိန်မှာ မြန်မာနိုင်ငံပိုင်းမှာပဲ ကြာနေတာကို တရုတ်က ကြိုက်ပုံမရဘူး။ အဲ့တာကြောင့်လည်း ငြိမ်းချမ်းရေး မရ၊ ရအောင် သူက တွန်းလုပ်နေတာ” ဟု တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော်က သုံးသပ်သည်။

    ထို့ပြင် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း ထောက်ရှာပင်-ကမ်းနီရေနံမြေတွင် လက်ယက်ရေနံတွင်းများကို ပိတ်သိမ်းပြီး တရုတ်ကုမ္ပဏီမှ ရေနံတူးရန် နေပြည်တော်၌ တရုတ်နိုင်ငံပိုင် North Petro- Chem Corporation (Myanmar) Limited နှင့် စစ်တပ်၏ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်တို့ သဘောတူစာချုပ်များ ချုပ်ဆိုခဲ့သည်။

    ပြီးခဲ့သည့် ဧပြီလ ၁၃၊ ၁၄ ရက်ကလည်း ဦးကိုကိုလွင်နှင့် ကိုယ်စားလှယ်အဖွဲ့ တရုတ်နှင့် ရုရှားခရီးစဉ်များတွင် မြန်မာ့ရေနံများ တူးဖော်ရန် စိတ်ဝင်စားနေသည့် ကုမ္ပဏီများကို မြေပြင်သို့ ကွင်းဆင်းလေ့လာရန် ဖိတ်ခေါ်မှုများ လုပ်ဆောင်ခဲ့သည်။

    အလားတူ ပြည်သူများကန့်ကွက်နေသည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအပါအဝင် မြန်မာနိုင်ငံရှိ မြစ်ကြီးများအပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ရေး စစ်တပ်က ကြိုးပမ်းလာသည်။

    စစ်ခေါင်းဆောင်၏ ပထမဆုံး သမ္မတမိန့်ခွန်းတွင်ပင် မြန်မာနိုင်ငံ၏ ဧရာဝတီ၊ ချင်းတွင်း သံလွင်နှင့် စစ်တောင်းမြစ် စသည့်မြစ်ကြီး လေးစင်းပေါ်၌ ရေကာတာများတည်ဆောက်၍ လျှပ်စစ်ဓာတ်အားရယူနိုင်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    မြစ်ဆုံစီမံကိန်းတွင် ပါဝင်သည့် ချီဖွေဆည်ကို လက်တလောတွင် ပြင်ဆင်မှုများလုပ်နေ၍ မြစ်ကြီးနားမြို့သို့ လျှပ်စစ်ဓာတ်အား ၁၄ ရက်ကြား ဖြတ်တောက်မည်ဟု စစ်တပ်က ကြေညာထားသည်။

    “KIA မှာလည်း တရုတ်ဖိအားတွေရှိနေတယ်။ မြေရှားတုန်းက သူတို့ မာမာထန်ထန်ကိုင်ထားလို့ရေပေမယ့် ဖိအားက အရမ်းကြီးတော့ ဒီစီမံကိန်းကိုတော့ လိုက်လျောရတော့မယ့် အခြေအနေဖြစ်နေတယ်။ ဘာလို့ဆို ဒီ Dam ဆောက်မယ့် နေရာတွေက KIA အများဆုံးထိန်းချုပ်ထားတဲ့နေရာတွေပဲ။ ဒီမြစ်ကြီးကို လွတ်လွတ်လပ်လပ် မစီးဆင်းခိုင်းဘဲ ပိတ်လိုက်ရင်တော့ အလွန်ဝမ်းနည်းစရာကောင်းပါတယ်။”ဟု KIA နှင့် နီးစပ်သည့် သဘာဝပတ်ဝန်းကျင် ပညာရှင်က ဆိုသည်။

    စစ်ခေါင်းဆောင်နှင့် ပြည်နယ်အစိုးရများကတော့ မြစ်ဆုံဒဏ်ဆောက်ပါက တိုင်းပြည်၏ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန်အတွက် ဖြစ်သည်ဟုသာ အကြောင်းပြနေသည်။

    မြစ်ဆုံစီမံကိန်းသည် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား အများဆုံး ထွက်ရှိမည့် စီမံကိန်းဆိုသော်လည်း ထွက်ရှိမည့် ပမာဏ၏ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ရရှိပေမည်။

    စီမံကိန်း၏ နောက်ဆက်တွဲ သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမည့် အခြေအနေများ၊ မြစ်ကြောင်းပြောင်းမည့် ဒဏ်များကို ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ ပြည်သူများက ခံစားရပေမည်။

    ရွေးကောက်ပွဲ မတိုင်ခင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် သဘောတူညီခဲ့ကြသည်ဆိုသည့် ကိစ္စရပ်များမှာ အထက်ပါ စီမံကိန်းများ အမြန်ဆုံးပြန်စနိုင်ရေးသာ ဖြစ်နိုင်ကြောင်း ထိုအချိန်က လေ့လာသုံးသပ်သူများ ထောက်ပြခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,600SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks