Thursday, April 23, 2026
More
    spot_img
    Homeသတင်းချောင်းဆုံဘုရားပွဲကာလ လျှပ်စစ်မီးရရှိချိန် နည်းပါးသဖြင့် ဒေသခံများပြင်ဆင်ချက်ပြုတ်ရန်ခက်ခဲ

    ချောင်းဆုံဘုရားပွဲကာလ လျှပ်စစ်မီးရရှိချိန် နည်းပါးသဖြင့် ဒေသခံများပြင်ဆင်ချက်ပြုတ်ရန်ခက်ခဲ

    -

    မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကျေးရွာဘုရားပွဲကာလအတွင်း တစ်ရွာနှင့်တစ်ရွာ မီးရရှိချိန် မညီမျှသည့်အပြင် လျှပ်စစ်ဓာတ်အား အချိန်ကန့်သတ်ဖြင့်သာ ထုတ်လွှင့်ပေးနေသဖြင့် ပြင်ဆင်ချက်ပြုတ်ရန် အခက်အခဲဖြစ်နေကြကြောင်း ချောင်းဆုံဒေသခံများက IMNA သို့ ပြောသည်။

    ပြီးခဲ့သည့် သက္ကော၊ ကွမ်ရိုက်၊ ရွာလွတ်နှင့် ကမာမိုကျေးရွာ ဘုရားပွဲရက်များတွင် လျှပ်စစ်မီး ရရှိချိန် များသော်လည်း ယနေ့ကျင်းပနေသည့် မုဒွန်းကျေးရွာ ဘုရားပွဲရက်တွင်မူ ၁ နာရီဝန်းကျင်သာ လျှပ်စစ်မီးရရှိခဲ့ကြောင်းလည်း မုဒွန်းဒေသခံတစ်ဦးက ပြောသည်။

    လျှပ်စစ်မီး အချိန်အနည်းငယ်သာ ရရှိခြင်းကြောင့် ချက်ပြုတ်ပြင်ဆင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးတွင် လစ်ဟာမှုများဖြစ်လာကြောင်း မုဒွန်းဒေသခံတစ်ဦးက ဆိုသည်။

     ပုံ-IMNA (မုဒွန်းရွာဘုရားပွဲရက် လမ်းသွားလမ်းလာမြင်ကွင်း)

    “မုဒွန်းရွာဘုရားပွဲနေ့ရောက်မှ ညက ၁ နာရီခွဲလောက်ပဲလာပေးတယ်။ ဘာမှလုပ်လို့မမှီဘူးလေ။ ရေတင်တာ၊ အချက်အပြုတ်ပြင်ဆင်တားရော၊ ဒီလောက်ပူနေတာ မီးမရှိတော့ ပန်ကာလည်းဖွင့်လို့မရ။ မနေ့က ကမာမိုရွာဘုရားပွဲဆိုရင် မနက် (၅)နာရီကနေ ညနေဘုရားပွဲပြီးတဲ့အထိ နှစ်ရက်ဆက်တိုက် မီးလာပေးတယ်။ ဒီမုဒွန်းရွာကျမှ မီးမရတာ" ဟု ဆိုသည်။

    စစ်ကော်မရှင် လျှပ်စစ်စွမ်းအင်ဌာနမှ လျှပ်စစ်မီးဖြန့်ဖြူးမှု မညီမျှသည့်အပေါ် မုဒွန်းကျေးရွာဒေသခံများ မကျေနပ်ချက်များ ရှိနေပြီး အဂတိလိုက်စားမှုများရှိနေသည်ဟုလည်း ရွာခံများပြောဆိုလျှက်ရှိသည်။

    ချောင်းဆုံးမြို့နယ်ကို အုပ်စု C အဖြစ် စစ်ကော်မရှင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဓာတ်အားဖြန့်ဖြူးပေးနေပြီး အနည်းဆုံးတစ်ရက် လျှပ်စစ်မီး ၆ နာရီ အလှည့်ကျဖြန့်ဖြူးရန် သတ်မှတ်ထားသော်လည်း စက်သုံးဆီအခက်အခဲရှိလာသည့်နောက် သတ်မှတ်ချက်အတိုင်း မရရှိတော့ကြောင်း  ဆိုသည်။

    “ဓာတ်ဆီမရှားခင်အချိန်က တစ်နေ့ ၆ နာရီရတယ်။ ဓာတ်ဆီရှားတဲ့နောက်ပိုင်းဆိုရင် တစ်နေ့ကို သုံးနာရီပဲရတယ်။ အဲ့တာက သုံးနာရီပြည့်တဲ့အချိန်မှပြည့်တယ်။ တစ်ခါတစ်လေ မလာဘူး။” ဟု  အခြားချောင်းဆုံ ဒေသခံက ပြောသည်။

    စစ်ကော်မရှင်မှ ယမန်နေ့ ဧပြီ ၂၂ ရက်နေ့မှစ၍ တိုင်းနှင့်ပြည်နယ်အသီးသီး၌ လျှပ်စစ်ဓာတ်အားများကို အချိန်တိုးမြှင့် ဖြန့်ဖြူးပေးခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

    ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရိုးရာဘုရားပွဲတော်များ၌ ယခုနှစ်တွင် စက်သုံးဆီ အခက်ခဲကြောင့် လာရောက်သူတစ်ဝက်ခန့် လျော့နည်းခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။

    ချောင်းဆုံဘုရားပွဲတွင် တစ်ရက်တစ်ရွာနူန်းဖြင့် မုရစ်ကြီးရွာဘုရားပွဲရက်ဖြစ်သည့် သင်္ကြန်အကြိုရက်မှစ၍ကျင်းပခဲ့ရာ ယနေ့တွင် မုဒွန်းရွာဘုရားပွဲရက်ဖြစ်ပြီး လာမည့်နှစ်ဆန်း ၉ ရက်နေ့ တောင်စွန်းရွာဘုရားပွဲရက်အဖြစ် အဆက်ဆက်ကျင်းပသွားရန်ရှိသည်။

    ဘုရားပွဲရက်အတွင်း အိမ်တိုင်း ထမင်း၊ ဟင်းအပြင် ချောင်းဆုံဒေသမှထွက်သည့် မုန့်ပဲသရေစာနှင့် စာသောက်ဖွယ်ရာမျိုးစုံကို အပြည့်အလျှံ တည်ခင်းကား ဆွေမျိုးအပေါင်းအသင်းများ၊ ရောက်ရှိသမျှ ဧည့်သည်အားလုံး ကျွေးမွေးသည့်ဓလေ့ကြောင့် မွန်ပြည်နယ်တွင် အထင်းရှားဆုံးဘုရားပွဲတစ်ခု ဖြစ်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,600SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks