သမ္မတနေရာယူပြီး ပြည်သူများအား သတ်ဖြတ်ခြင်း၊ နိုင်ငံရေးသမားများကို ဖမ်းဆီးခြင်းများဆက်လက်လုပ်ဆောင်နေသည့် စစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကမ်းလှမ်းချက်ကိုလည်း တော်လှန်ရေးအင်အားစုများ လက်မခံကြောင်း IMNA မှ ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ ၂၀၂၆ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှ စတင်၍ ဇူလိုင်လ ၃၁ ရက်နေ့အထိ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် မထိုးရသေးသည့် လက်နက်ကိုင်များအားလုံး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ပြောဆိုထားသည်။
NUG ၏ COC ပုဒ်မ ကွပ်ကွဲမှုအောက်ခံယူနေသည့် ပြည်သူ့ကာကွယ်ရေးတပ်များသည် ဆက်လက် တိုက်ပွဲဝင်နေဆဲဖြစ်ပြီး၊ ၎င်းတို့၏ ဆန္ဒနှင့် တစ်ထပ်တည်းကျပြီး လိုလားသည့်ထာဝရ ငြိမ်းချမ်းရေး၊ ဖယ်ဒရယ် ပြည်ထောင်စု မဖြစ်လာနိုင်သရွေ့ လက်နက်ကိုင် လမ်းစဉ်ကိုစွန့်လွှတ်ရန်မရှိဟု နည်းဗျူဟာ ၃၃ နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုက IMNA သို့ပြောသည်။
“PDF တွေ နဂိုမူလ ဘာကြောင့် လက်နက်ကိုင်ရလဲ ဘာကြောင့် တော်လှန်ရေး လုပ်ရလဲ။ ဘာကြောင့် ကျနော်တို့လိုချင်တဲ့ဟာကို တောင်းဆိုနေရလဲ အားလုံးသိပြီးသားဖြစ်မှာပါ။ တိုင်းပြည်မှာအခုဖြစ်နေတဲ့ ပြဿနာနဲ့ ကိစ္စအဝအဝအားလုံးဟာ သူတို့ပြောသလိုမျိုး ငြိမ်းချမ်းနေတာလည်း မဟုတ်သလို ရွာတွေ၊ မြို့တွေအားလုံး မီးရှို့နေတဲ့ လုပ်ရပ်တွေဟာ ရှိနေတုန်းပဲမို့ ဖိတ်ခေါ်ခြင်းတွေဟာ ရိုးသားတဲ့ဟာလည်း မဟုတ်သလို သေနတ်ကြီး ခါးချည် ယူနီဖောင်း ဝတ်ပြီးငြိမ်းချမ်းရေး လုပ်မယ်ဆိုပြီး ပြောတဲ့ဟာကြီးက ဟုတ်မှဟုတ် မနေဘဲလေ”ဟု သူကဆိုသည်။
NCA လက်မှတ် ရေးထိုးထားပြီး ၅ နှစ်အတွင်းတွေ့ဆုံခြင်း မရှိသည့် အဖွဲ့များဖြစ်သည့် CNF၊ KNU၊ ABSDF အဖွဲ့များကိုလည်း စစ်ခေါင်းဆောင်က ဖိတ်ခေါ်လျှက်ရှိသည်။
စစ်တပ်သည် NCA ကို လိုအပ်သလို အချိန်ဆွဲအသုံးချနေခြင်းဖြစ်ပြီး၊ စစ်တပ်က နိုင်ငံရေးမှထွက်ခွာမည့် သဘောထားကို လိုလားကြောင်း KNU အနေဖြင့် တရားဝင် ထုတ်ပြန်ပြီးသားဖြစ်သည်ဟု KNU ကရင်အမျိုးသားအစည်းအရုံးပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောသည်။
“စစ်တပ်က နိုင်ငံရေးက ထွက်သွားရမယ် ဆိုတာက ကျနော်တို့ သဘောထားပေါ့ ဒါကို တရားဝင်အနေနဲ့လည်း ထုတ်ပြန်ထားပြီးသားပါ၊ NCA ကို လိုတဲ့အချိန် ဆွဲသုံးနေတာပါ အခုလုပ်နေတာတွေက NCA နဲ့ မကိုက်ညီဘဲကို” ဟုပြောသည်။
NCA ထိုးပြီးနောက် ပြန်လည်ထွက်သွားသည့် အဖွဲ့ ၃ ဖွဲ့ကို အဓိကဦးစားပေးဆွေးနွေးရန်လိုပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲကိစ္စကိုလည်း အဆင့်လိုက်ပုံစံသွားရန် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO-NCA/S) မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက IMNA မှ တိုက်တွန်းသည်။

“အခုက လက်တွေ့ လမ်းညွှန် ဖိတ်ခေါ်တာမျိုးတော့မဟုတ်သေးဘူး၊ ဘယ်သူနဲ့ဆွေးနွေးရမယ်ဆိုတာလည်း မပါသေးဘူး၊ NCA ကပြန်ထွက်သွားတဲ့ အဖွဲ့သုံးဖွဲ့ရှိတယ် ဦးစားပေး ပြန်ခေါ်မဲ့သဘောလို့ပဲ ယူဆတယ်။ ငြိမ်းချမ်းရေးက ရေရှည်သွားရမှာပဲ အဆင့် ၁ အဆင့် ၂ ပေါ့ ဒေသအလိုက် ငြိမ်းချမ်းလာမလား၊ ဒေသအလိုက် ငြိမ်းချမ်းပြီး ပြည်သူ လူထုသက်သာချောင်ချိလာမယ်။ အဓိက ငြိမ်းချမ်းတာကိုပြောဖို့ထက် တည်ငြိမ်မှုပြန်ရမလား အမုန်းတရားကို လျှော့ပြီးတော့ ရန်လိုမှုတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေ လျှော့နိုင်မလား အဲ့တာတွေကိုအရင်စရမှာ” ဟု ဆိုသည်။
ထို့ကြောင့် ငြိမ်းချမ်းရေးအဆင့်ရောက်ရှိရန် ရှည်ကြာအုံးမည်ဖြစ်ပြီး ဒေသတည်ငြိမ်ရေးကိုသာ ဦးစားပေးသင့်ကြောင်းလည်း ဆက်ပြောသည်။
ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် မဖြစ်နိုင်သည့်အချက်များကို တောင်းဆိုကာ အဖွဲ့အစည်းတည်တံ့ရေး အတွက်သာ လုပ်ဆောင်နေပါက မှားယွင်းလိမ့်မည်ဟုလည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ ဆိုထားသေးသည်။
စစ်အာဏာသိမ်းပြီးနောက် NCA လက်မှတ်ရေးထိုးထားကြသည့် CNF၊ KNU၊ ABSDF တို့နုတ်ထွက်ပြီး စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားနေသလို ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF နှင့်လည်း တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။
စစ်အုပ်စုမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တော်လှန်ရေးအင်အားစုများအား ငြိမ်းချမ်းရေးကိစ္စ လာရောက်ဆွေးနွေးရန် မကြာခဏ ဖိတ်ခေါ်လေ့ရှိပြီး ယခုဖိတ်ခေါ်မှုသည့် သမ္မတနေရာယူပြီးနောက် ပထမဆုံးအကြိမ် ကမ်းလှမ်းဖိတ်ခေါ်ခြင်း ဖြစ်သည်။




