မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် ကုန်ထုတ်စခန်းများမှ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၁၃၉ ဦး လွတ်မြောက်ခဲ့ရာ နိုင်ငံရေးအကျဉ်းသား ၁ ဦးသာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ပြောပြချက်အရ သိရသည်။
စစ်ကော်မရှင်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ ဧပြီလ ၁၇ ရက်နေ့အတွင်း မော်လမြိုင်အချုပ်ထောင်မှ ၅၆ ဦး၊ သထုံအကျဉ်းထောင်မှ ၃၁ ဦး၊ ကျိုက်မရောဗဟိုအကျဉ်းထောင်မှ ၁၈ ဦးနှင့် ပေါင်မြို့နယ်ရှိ ဇင်းကျိုက်၊ ရင်းငြိမ်နှင့် အင်းဗြောင်ကုန်ထုတ်စခန်းများမှ ၃၄ ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လွတ်မြောက်လာသူများအနက် နိုင်ငံရေးအမှု ပုဒ်မ ၅၀၅ ဖြင့် သထုံအကျဉ်းထောင်တွင် အကျဉ်းကျခံထားရသူတစ်ဦးသာ ပါဝင်ပြီး အကျဉ်းသား၊ အကျဉ်းသူ မသိရှိရသေးကြောင်း (PPNM) တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

"လက်လှမ်းမီသလောက် စာရင်းပြုစုထားတဲ့ မွန်ပြည်နယ်က အကျဉ်းထောင် အချုပ်ထောင်ဆိုလို့ရှိရင် ကျိုက်မရောရှိမယ်၊ မော်လမြိုင်စမ်းကြီးလူငယ် ထိန်းသိမ်းရေးထောင်ရှိတယ်။ နှစ်ထောင်လုံး ကျနော်တို့ စုံစမ်းအတည်ပြုရသလောက် နိုင်ငံရေးအကျဉ်းသား လွတ်တဲ့သူမရှိပါဘူးရှင်။ သထုံထောင်မှာတော့ နိုင်ငံရေးအကျဉ်းသားတစ်ဦးပါတယ်။"ဟု ပြောသည်။
နိုင်ငံရေးပုဒ်မဖြင့် ကျိုက်မရောအကျဉ်းထောင်မှ အကျဉ်းသူနှစ်ဦး လွတ်မြောက်လာသည်ဟု ကြားသိရသော်လည်း IMNA မှ အတည်မပြုနိုင်သေးပေ။
လွတ်ငြိမ်းခွင့်အရ မွန်ပြည်နယ် အကျဉ်းထောင်၊ အချုပ်ထောင်နှင့် ကုန်ထုတ်စခန်းများမှ လွတ်မြောက်လာသူများသည် လွတ်ရက်စေ့ အကျဉ်းသား၊ အကျဉ်းသူများသာ ဖြစ်ကြောင်းလည်း အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“ဒီတစ်ခါမှာ နိုင်ငံရေးအကျဉ်းသားတွေ အရမ်းနည်းတယ်။ နှစ်ပြည့်ဒဏ်တွေကိုပဲ လွှတ်ပေးတာများတယ်။ အခုက သမ္မတအသစ်တက်လာတဲ့အတွက် ယတြာချေအနေနဲ့ လွှတ်ပေးတာလို့ ထောင်ဘက်က ပြောတယ်။ လက်တွေ့မှာတော့ လွတ်ရက်စေ့သူတွေကိုပဲ လွှတ်ပေးတာများတယ်။ သရုပ်ပြဖို့သက်သက်ပဲလုပ်နေတာ” ဟု ကျိုက်မရောအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
၄င်းအပြင် မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်များတွင် သောက်သုံးရေ၊ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ မလုံလောက်သည့် အခြေအနေများကြောင့် အကျဉ်းသားများ၏ ကျန်းမာရေးအခြေအနေများအပေါ် စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ ဧပြီ ၁၈ ရက်နေ့က ကောက်ယူထားသည့် အချက်အလက်များအရ လွတ်ငြိမ်းခွင့်ပြုထားသည့် အကျဉ်းသား ၄,၃၃၅ ဦးအနက် မြေပြင်တွင် ၁,၆၈၆ ဦးသာ လွတ်မြောက်ခဲ့ကြောင်းလည်းဆိုသည်။
စစ်ကော်မရှင်မှ ယခု ၂၀၂၆ ခုနှစ်အတွင်း အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့်အမိန့် ၃ ကြိမ်ကြေညာခဲ့ပြီး အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း နှစ်သောင်ကျော်ပါဝင်ကြောင်း ထုတ်ပြန်ထားသော်လည်း မြေပြင်အချက်အလက်နှင့် ကွဲလွဲနေသဖြင့် ကိန်းဂဏန်းအရ လှည့်ဖြားနေခြင်းသာဖြစ်သည်ဟုလည်း အကျဉ်းသားများအရေး စောင့်ကြည့်နေသူများက ဆိုသည်။
ပုံ-CJ



