Homeသတင်းထိုင်းနိုင်ငံတွင် “မီလီအိုဒိုးဆစ်” ရောဂါကူးစက်မှုနှုန်း မြင့်တက်နေပြီး သေဆုံးသူ (၂၃)ဦးရှိလာ

ထိုင်းနိုင်ငံတွင် “မီလီအိုဒိုးဆစ်” ရောဂါကူးစက်မှုနှုန်း မြင့်တက်နေပြီး သေဆုံးသူ (၂၃)ဦးရှိလာ

-

ထိုင်းနိုင်ငံတွင် မြေဆီလွှာနှင့် ရေမှတစ်ဆင့် ကူးစက်နိုင်သည့် မီလီအိုဒိုးဆစ် (Melioidosis) (ခေါ်) မြေတုပ်ကွေး (Soil Fever) ရောဂါဖြစ်ပွားမှု ဆက်လက်မြင့်တက်နေပြီး  သေဆုံးသူ (၂၃)ဦးရှိလာကြောင်း ထိုင်းပြည်သူ့ကျန်းမာရေးဌာန (The Ministry of Public Health) ၏ အချက်အလက်များအရ သိရသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီ ၁၆ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် မီလီအိုဒိုးဆစ်ရောဂါကူးစက်ခံရသူ စုစုပေါင်း (၇၃၂) ဦးအထိရှိလာသည်ဟု ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဧပြီလ ၁၈ ရက်နေ့က ထုတ်ပြန်သည်။

အထူးသဖြင့် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းဒေသရှိ ခွန်ခန် (Khon Kaen Provience) ခရိုင်တွင် ရောဂါကူးစက်ခံရမှုအများဆုံးဖြစ်ပြီး ကူးစက်သူ ၆၈ ဦး၊ သေဆုံးသူ ၂ ဦး ရှိကြောင်း ခွန်ခန်မြို့အခြေစိုက် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန (Office of Disease Prevention and Control 7) က ဧပြီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မီလီအိုဒိုးဆစ်ရောဂါသည် မြေဆီလွှာနှင့်ရေထဲရှိ သဘာဝအတိုင်း ရှင်သန်နေသည့် (Burkholderia pseudomallei) ခေါ် ဘက်တီးရီးယားကြောင့် ဖြစ်ပွားပြီး အရေပြားပေါက်ပြဲဒဏ်ရာများမှတဆင့် ထိတွေ့မိခြင်း၊ ဖုန်မှုန့်များ ရှုရှိုက်မိခြင်း သို့မဟုတ် မသန့်ရှင်းသောရေ သောက်သုံးမိခြင်းကြောင့် လူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်ကူးစက်နေခြင်းဖြစ်သည်။

အထူးသဖြင့် စိုက်ပျိုးရေးလုပ်သားများ၊ မြေဆီလွှာနှင့် ရေကို မကြာခဏထိတွေ့ရသူများနှင့် ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါများရှိသူများ၊ ကိုယ်ခံအားနည်းသူများတွင် ရောဂါကူးစက်နိုင်ခြေ ပိုမိုမြင့်မားကြောင်း သိရသည်။

အချက်အလက်များအရ ကူးစက်မှုအန္တရာယ်အမြင့်ဆုံးအုပ်စုမှာ အသက် (၅၀)နှစ်နှင့်အထက် လူကြီးများဖြစ်ကြောင်း သိရသည်။

ရောဂါကူးစက်မှုမြင့်တက်နေခြင်းကြောင့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအနေဖြင့် အထူးသတိပြုနေထိုင်ရန်လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ လူမှုရေးရာ၊အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ဧပြီလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ရောဂါလက္ခဏာများသည် အဖျားမြင့်တက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်အောင့်ခြင်းနှင့် အရေပြားရောင်ရမ်းခြင်းတို့ ဖော်ပြတတ်ပြီး ရောဂါပြင်းထန်ပါက သွေးတွင်းပိုးဝင်ရောက်ကာ သွေးဆိပ်တက် (septicemia) မှုဖြစ်ပြီး အသက်အန္တရာယ်ထိခိုက်လာနိုင်ကြောင်း သတိပေးထားသည်။

အဆိုပါရောဂါလက္ခဏာများ ပေါ်ပေါက်ပါက မပေါ့ဆဘဲ ဆေးကုသမှု အမြန်ဆုံးခံယူရန် အသိပေးထားပြီး၊ မြေဆီလွှာ (သို့မဟုတ်) ရေနှင့် ထိတွေ့ရာတွင် ဘွတ်ဖိနပ်၊ လက်အိတ်များကဲ့သို့ ကာကွယ်ရေးပစ္စည်းများ ဝတ်ဆင်ရန်နှင့် မသန့်ရှင်းသောရေ မသောက်သုံးရန် တိုက်တွန်းထားသည်။

ရောဂါဖြစ်ပွားမှုအများဆုံးမှာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများတွင် ဖြစ်ပြီး၊ မိုးဦးရာသီနှင့်အတူ ကူးစက်မှုများ ထပ်မံမြင့်တက်နိုင်ကြောင်း ထိုင်းပြည်သူ့ကျန်းမာရေးဌာနက ခန်းမှန်းထားသည်။

ကိုးကား-Bangkok Post, Khaosod English

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts