စစ်ခေါင်းဆောင် မိန့်ခွန်းများတွင် မကြာခဏပါဝင်လာသည့် အခြေခံဥပဒေ ၄၃ ချက် ပြင်ဆင်ရေးသည် စစ်အာဏာရှင်များ အုပ်ချုပ်နိုင်ရေး ပိုမိုခိုင်မာရန် ပြင်ဆင်မည်သာဖြစ်ကြောင်း နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားခေါင်းဆောင်များက ဆိုကြသည်။
ခေတ်အဆက်ဆက် အတိုက်အခံများ၊ ပြည်သူများက ပြင်ဆင်ရန် တိုက်တွန်းပြောဆိုနေသည့် စစ်ခေါင်းဆောင်များ စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အချက် ၄၃ ချက်ကို ပြင်ဆင်မည်ဟု စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ဆက်တိုက်ပြောဆိုလာခဲ့သည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလက ကျင်းပခဲ့သည့် နိုင်ငံရေးပါတီများနှင့် စစ်တပ်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ NSPNC နှစ်ရက်တာဆွေးနွေးပွဲအပြီးတွင်လည်း ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ထုတ်ဖော်ပြောဆိုခဲ့သည်။
သို့သော်လည်း မည်သည့်အချက်များ ပြင်ဆင်မည်ကို တိတိကျကျ ထုတ်ဖော်ပြောဆိုကြခြင်းမရှိပေ။
စစ်တပ်၏ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်နေသူ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးက စစ်တပ်က ပြင်ဆင်မည်ဆိုသည့်အချက်များမှာ စစ်အုပ်ချုပ်ရေးပိုမိုခိုင်မာရန် ပြင်ဆင်ရန်သာဖြစ်ကြောင်း IMNA သို့ ပြောပြသည်။

“ဖွဲ့စည်းပုံပြင်မယ်ဆိုတဲ့ဟာတွေက အများအားဖြင့် တချို့ဟာတွေက ပြင်တာမဟုတ်ဘဲနဲ့ ပိုပြီးတော့ ခိုင်အောင် တိုးချဲ့တာတွေ ဖြစ်နေတယ်။ ဥပမာ ရွေးကောက်ပွဲကော်မရှင်ရဲ့ သက်တမ်းကို ၅ နှစ်ကနေ ၁၀ နှစ်တိုးတာတို့ပေါ့ဗျာ။ အဲ့တာမျိုးတွေက ဖွဲ့စည်းပုံကို ပြင်မလိုလိုနဲ့ ပိုခိုင်အောင်လုပ်တဲ့ဟာတွေလည်း ပါတယ်ဗျ။ ကျွန်တော် မှတ်မိသလောက်ပေါ့။” ဟု စစ်တပ်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်နေသည့် တိုင်းရင်းသားခေါင်းဆောင်တစ်ဦးက ပြောသည်။
ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးက စစ်တပ်နှင့် ဆွေးနွေးရာတွင် ရွေးကောက်ပွဲကော်မရှင်နှင့် အခြေခံဥပဒေ ခုံရုံးအား လွတ်လပ်ရန် ဆွေးနွေးသဘောတူညီချက်များရရှိခဲ့ကြောင်း ဆွေးနွေးပွဲအပြီး မီဒီယာများသို့ ပြောဆိုခဲ့သည်။
သို့သော်လည်း IMNA က အခြားသော နိုင်ငံရေးပါတီများကို ဆက်သွယ်ခဲ့ရာ စစ်တပ်၏ သဘောထားဖြစ်သည့် ရွေးကောက်ပွဲကော်မရှင်သက်တမ်းအား ၁၀ နှစ်သို့ တိုးမြှင့်မည့် အချက်ကို မမျှတဟု သဘောထားရှိကြောင်း ပြောဆိုကြသည်။
ဦးကိုကိုကြီး၏ ထုတ်ဖော်ပြောဆိုချက်အရ ခြေဥ အခန်း ၁ အခြေခံမူများမှ ၁၀ ချက်ကို ပြင်ဆင်ရန် သဘောတူညီချက်ရရှိခဲ့ပြီး ” ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရန်” ဆိုသည့်အချက်ကို ခြေဥတွင် တရားဝင်ပြဌာန်းရန် သဘောတူညီခဲ့သည်ဟု ဆိုသည်။
အာဏာသိမ်းစစ်တပ်က ပြန်ဖွဲ့သည့် အစိုးရသစ်တွင် ဦးကိုကိုကြီးကို အတိုင်ပင်ခံကောင်စီအဖွဲ့ဝင်အဖြစ် နေရာပေးထားသည်။
“စစ်တပ်က လုပ်မယ်လို့ ပြောလိုက်တာကို ဘယ်လောက် ယုံကြည်ရလဲဆိုတာရှိတယ်။ နောက်တစ်ခုက သူတို့မှာ (ဆွေးနွေးခဲ့သည့် နိုင်ငံရေးပါတီများ) စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေကို တားဆီးနိုင်စွမ်း၊ ကန့်ကွက်နိုင်စွမ်း ဘာရှိလဲ။ ၄၃ ချက်ကို ပြည်သူကို တိတိကျကျ အသိမပေးရဲတာကိုပဲကြည့်၊ စစ်တပ်က သူတို့ကို အသုံးချပြီး နောက်ဆုံးမှာ စစ်အုပ်ချုပ်ရေး ပိုခိုင်အောင်ပဲ လုပ်သွားလိမ့်မယ်”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူက သုံးသပ်သည်။
တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို သမ္မတက တိုက်ရိုက်ခန့်အပ်ရမည့်အစား တိုင်းနှင့် ပြည်နယ်လွှတ်တော်များက တိုက်ရိုက်ခန့်အပ်နိုင်မည့် ပုဒ်မ ၂၆၁ အပြောင်းအလဲသည်လည်း နာမည်ကြီးနေသည်။
သို့သော်လည်း ၂၀၀၈ ခြေဥအောက်မှ ပေးမည့် ဖက်ဒရယ်၊ ဝန်ကြီးချုပ် ခန့်အပ်ရေး အပြောင်းအလဲများက အလုပ်မဖြစ်ဟု ကရင်အမျိုးသားတိုးတက်ရေးပါတီ KNPP ၏ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က တုံ့ပြန်သည်။
“၂၀၀၈ ခြေဥကို ကျွန်တော်တို့ သုံးသပ်လိုက်တဲ့အခါမှာ ၂၀၀၈ ခြေဥဟာ ဖက်ဒရယ်စနစ်နဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တယ်။ ကျွန်တော်တို့ လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုအတွက် ဘာမှ လမ်းကြောင်းမရှိဘူး။ သူပြောနေတဲ့ ဖက်ဒရယ်ဆိုတာက အာဏာတချို့ကို ပြည်နယ်ကို ဗဟိုအောက်ကနေ အနည်းငယ် ခွဲဝေပေးမယ့် စနစ်၊ ပြီးခဲ့တဲ့ တုံးကလိုပေါ့ဗျာ ပြည်နယ်ဝန်ကြီးချုပ်တွေကို ခန့်ထားပေးတယ်ဆိုတဲ့ပုံစံမျိုး၊ သို့သော်လည်း ပြည်နယ်ဝန်ကြီးချုပ်တွေကို ဗဟိုကနေပဲ ချုပ်ကိုင်ထားတာမျိုး၊ တိုင်းရင်းသားတွေနဲ့ပတ်သက်ရင်လည်း မူအားဖြင့်ပါပြီးတော့မှ တကယ့်တကယ်မှာ ဗဟိုကို ဦးစားပေးပြီး ရေးဆွဲထားတာ၊ ၂၀၀၈ ကတော့ လုံးဝ လက်ခံမှာ မဟုတ်ဘူး” ဟု ဦးအောင်ဆန်းမြင့်က ဆိုသည်။
အတည်မပြုနိုင်သည့် သတင်းများအရ တပ်ချုပ်ရာထူးမှ အနားယူပြီး သမ္မတ လုပ်နေသည့် စစ်ခေါင်းဆောင်က ၂၀၀၈ ခြေဥကိုပြင်ကာ တပ်ချုပ်၏ လုပ်ပိုင်ခွင့်များကို လျှော့ချရေး၊ သမ္မတ အာဏာကို ရာသက်ပန် ကိုင်ထားနိုင်ရေး ပြင်ဆင်နေသည်ဟု သိရသည်။
၂၀၀၈ ခြေဥ ဆက်လက်တည်ရှိနေသ၍ စစ်တပ်သည် နိုင်ငံရေးတွင် ဆက်လက်ပါဝင်နေဦးမည်ဖြစ်၍ မည်သည့်ပြင်ဆင်ဖြည့်ဆွက်မှုများ လုပ်ဆောင်သည်ဖြစ်စေ လက်ခံနိုင်ဖွယ်မရှိကြောင်း နိုင်ငံရေးအစုအဖွဲ့များက ပြောဆိုနေကြသည်။




