Homeသတင်းကမ္ဘာ့ရွှေဈေးနှင့်အတူ ပြည်တွင်းရွှေဈေး ကျပ်သိန်း ၁၀၀ အောက်ပြန်ရောက်ရှိ

ကမ္ဘာ့ရွှေဈေးနှင့်အတူ ပြည်တွင်းရွှေဈေး ကျပ်သိန်း ၁၀၀ အောက်ပြန်ရောက်ရှိ

-

ကမ္ဘာ့ရွှေဈေးနှင့်အတူ ပြည်တွင်းရွှေဈေး ဆက်တိုက်ကျဆင်းလာနေပြီး ယနေ့ မတ်လ ၂၃ ရက်နေ့တွင် ၁၆ ပဲရည်တစ်ကျပ်သား သိန်း ၁၀၀ အောက်ပြန်ရောက်ရှိလာကြောင်း ပြည်တွင်းရွှေဈေးကွက်များထံမှ သိရသည်။

မတ်လ ၂၃ ရက်နေ့ ညနေပိုင်းတွင် ကမ္ဘာ့ရွှေဈေး အမေရိကန်ဒေါ်လာ ၄၃၆၄ ဖြင့် ပိတ်ခဲ့ပြီး အခေါက်ရွှေဈေး တစ်ကျပ်သားလည်း ၉၅၃၀၀၀၀ ကျပ်သို့ ကျဆင်းသွားသည်ဟု သိရသည်။

ကမ္ဘာ့စစ်ရေးကိစ္စများကြား ရေနံဆီဂယက်ကြောင့် ရွှေဘက် ရင်းနှီးမြှုပ်နှံမှုနည်းသွားပြီး ပြီးခဲ့သည့် ရက်သတ္တပတ်က ရွှေဈေးနှုန်း သိန်းတစ်ရာအထက်ငြိမ်နေရာမှ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့မှရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

“မနေ့တုန်းက ၁၀၀ အထက်ရှိနေသေးတယ်၊ ဒီနေ့က ကမ္ဘာ့ဈေးလည်းကျတယ် ထိုင်းရွှေဈေးလည်းကျနေတော့ ၁၀၀ အောက်ရောက်လာတယ်၊ ရွှေဘက်ကိုရင်းနှီးမြှပ်နှံဖို့အာရုံနည်းသွားတာလားပဲ ဒီခဏတာအတွင်းက ရေနံဘက်၊ ဓာတ်ဆီဘက်ကို ရောင်းဝယ်မှုလုပ်လာတယ် နိုင်ငံတိုင်းဂယက် ခဏအတွင်းကြောင့် ရွှေကတော့ ပြန်တက်လာမယ်” ဟုပြောသည်။

ပြီးခဲ့သည့်မတ်လ ၁၁ ရက်နေ့က ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၅၂၀၀ ဝန်းကျင်အထိမြင့်တက်ခဲ့ပြီး၊ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၁၁၀ အထိရောက်ရှိခဲ့သည်။

စစ်ကော်မရှင်မှ ရွှေဈေးကွက်ကို တင်းတင်းကြပ်ကြပ်စောင့်ကြည့်နေသဖြင့် ပြည်တွင်းရွှေဈေးနှုန်း ကြိုက်ရောင်းကြိုင်ဝယ်စနစ် ဖြစ်နေသည်ဟုလည်း အထက်ပါ ရွှေလုပ်ငန်းရှင်မှ ဆိုသည်။

“သေချာတဲ့ပေါက်ဈေးကို ဘယ်သူမှမပြောရဲဘူး အဲ့တော့အကြိုက်ဈေး ဖြစ်လာတယ်၊ ကိုယ့်ပရိယာယ်နဲ့ ကိုယ်ပဲရောင်းဝယ်ကြတယ် နိုင်ငံရေးနဲ့ စစ်ရေးရော အကုန်လုံး ဆက်စပ်နေတယ်။ အဲ့ကြားမှာပဲ စီးပွားရေးသမားတွေ သူတို့နည်းနဲ့ သူတို့ငွေရှာလို့ရတယ်။ ပြောရရင် အဲ့ဘက်အာရုံများ နေတယ်”ဟုပြောသည်။

ပြည်တွင်းရွှေဈေးကွက်မတည်ငြိမ်စေရန် ရည်ရွယ်ပြီးရွှေတုံး၊ ရွှေခဲ သိုလှောင်ရောင်းဝယ်မှုနှင့် ဖေဖော်ဝါရီလ အစောပိုင်းတွင် ဖမ်းဆီးခံထားရသည့် ရွှေလုပ်ငန်းရှင်အသင်းတာဝန်ရှိသူ ၃ ဦးကို မတ်လ ၁၉ ရက်တွင် ငွေဒဏ်အပြင် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်အရေးယူခဲ့သည်ဟုသိရသည်။

လက်ရှိ အနောက်နိုင်ငံများတွင် ကမ္ဘာ့ရွှေဈေးမြင့်တက်နေဆဲဖြစ်သဖြင့် ဝယ်လိုအား မြင့်တက်နေဆဲဟု ယူဆရကြောင်းလည်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts