Homeသတင်းဘီးလင်းတွင် တော်လှန်ရေးတပ်သား ၁ ဦး သတ်ဖြတ်ခံရ

ဘီးလင်းတွင် တော်လှန်ရေးတပ်သား ၁ ဦး သတ်ဖြတ်ခံရ

-

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဖိုးဝါးသိမ်ကျေးရွာတိုက်ပွဲအတွင်း ဒဏ်ရာဖြင့်ကျန်ရစ်ခဲ့သူ တော်လှန်ရေးတပ်သားတစ်ဦးကို စစ်ကော်မရှင်အဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

စစ်ကော်မရှင်တပ်ဖွဲ့များ ဖိုးဝါးသိမ်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး၊ စခန်းချတပ်စွဲမှုများရှိနေသည့်အတွက် ဒေသတွင်း တော်လှန်ရေးပူးပေါင်းတပ်များနှင့် ဖေဖော်ဝါရီ ၇ ရက်နေ့က နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်သား ၁ ဦး ခြေထောက်တွင် သေနတ်ထိမှန်ကာ ကျန်ရစ်ခဲ့သဖြင့် စစ်ကော်မရှင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်လိုက်သည်ဟု မြေပြင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ အမျိုးသမီးတစ်ဦးက ပြောသည်။

“သေနတ်ထိထားတော့ သူကလည်း ပြေးမနိုင်ဘူး။ ဒီတော်လှန်ရေးအဖွဲ့ဘက်ကလည်း ဘယ်လိုမှ ဝင်ကယ်လို့မရတော့ အဲ့တာကို စကမက ဖမ်းခေါ်သွားတာ၊ ဖမ်းပြီးတော့ ခေါင်းဖြတ်သတ်လိုက်တယ်လို့ ကြားတယ်။ အလောင်းပြန်ရတဲ့အချိန်မှာ ခန္ဓာကိုယ် မစုံတော့ဘူး”ဟု ၎င်းက ဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်းအထိ ဖိုးဝါးသိမ်ကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့တို့ တပ်စွဲထားဆဲဖြစ်ပြီး တော်လှန်ရေးအင်အားစုများနှင့် နှစ်ဖက်စစ်ရေးတင်းမာမှုများ ရှိခဲ့သည်ဟု သိရသည်။

ကျေးရွာတစ်ဝိုက် စစ်ကြောင်းထိုးဝင်ရောက်လာစဉ် လမ်းသွားလမ်းလာ ဆိုင်ကယ်များကို အဓမ္မသိမ်းယူခဲ့ပြီး နေအိမ်အတွင်း တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်သွားကြောင်းလည်း သူမက ဆက်ပြောသည်။

“ရွာသားတွေကို ဖမ်းတာမျိုးတော့မရှိဘူး။ သူတို့စစ်ကြောင်းနဲ့ဆုံတဲ့ချိန်မှာ ဆိုင်ကယ်အစီး ၄၀ လောက်ကို ယူသွားတယ်။ လူတွေကိုတော့ ကုန်းကြောင်းလျှောက်ခိုင်းတယ်။ ပြီးတော့ ရွာထဲမှာရှိနေတဲ့ အိမ်တွေကို တံခါးတွေကန်ထုတ်ပြီးတော့ တန်ဖိုးကြီးပစ္စည်းတွေကို သယ်သွားတယ်”ဟု ဆိုသည်။

လက်ရှိတွင် ဖိုးဝါးသိမ်းမှတစ်ဆင့် အလူးကြီးကျေးရွာဘက်သို့ ပြန်လည် ဆုတ်ခွာသွားပြီး နှစ်ဖက်ပစ်ခတ်မှုအခြေအနေ ငြိမ်သက်နေသည်ဟု သိရသည်။

စစ်ကြောင်းထိုးတပ်စွဲထားမှုကြောင့် ဒေသတွင်းကျေရွာများဖြစ်သည့် သရက်ကုန်း၊ ဖိုးဝါးသိမ်၊ အလူးကြီး၊ ညောင်ထောက်နှင့် ရှမ်းစု စသည့်ကျေးရွာများရှိ ဒေသခံပြည်သူများ စစ်ဘေးရှောင်နေရဆဲဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts