Homeသတင်းOWIC ကတ်ကိုင်သူများ ရုံးပိတ်ရက်မပါဘဲ အနည်းဆုံး(၅) ရက်ကြိုတင်၍ လျှောက်ထားမှသာ ပြည်ပသို့ထွက်ခွာခွင့်ပြုမည်

OWIC ကတ်ကိုင်သူများ ရုံးပိတ်ရက်မပါဘဲ အနည်းဆုံး(၅) ရက်ကြိုတင်၍ လျှောက်ထားမှသာ ပြည်ပသို့ထွက်ခွာခွင့်ပြုမည်

-

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား OWIC ကတ်ကိုင်ဆောင်ထားသူများအနေဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာမည်ဆိုပါက အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ခွင့်ပြုချက်ရရှိမှသာ ပြည်ပသို့ ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ကန့်သန့်လိုက်သည်။

 ဇန်နဝါရီ ၁၄ ရက်မှ စတင်၍ OWIC ကတ်ကိုင်ဆောင်ထားသူများသည် ပြည်ပထွက်ခွာခွင့်ရရှိရန်အတွက် ရုံးပိတ်ရက်မပါဘဲ အနည်းဆုံး ငါးရက်ကြိုတင်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ လျှောက်ထားရမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၂ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

ယခင် ၂၀၂၅ ခုနှစ် မတ်လအတွင်းတွင် PJ နိုင်ငံကူးလက်မှတ်ဖြင့် OWIC ကတ်ကိုင်ဆောင်ထားသူများ ပြည်ပထွက်ခွာခွင့်အတွက် အီးမေးလ်မှတစ်ဆင့် တင်သွင်းထားသည့် အထောက်အထားများကို လေဆိပ်ကောင်တာတွင် ပြသပါက ထွက်ခွာခွင့်ရရှိခဲ့ကြသော်လည်း ယခုတွင် ကန့်သတ်လိုက်ပြီးဖြစ်သည်။

“ အခုက ဟိုအရင်က ၂၀၂၂ ခုနှစ်မှာ OWIC ကတ်လျှောက်တဲ့ စနစ်လိုမျိုး သူတို့က ထပ်တင်းကြပ်လိုက်တယ်။ OWIC ကတ်လျှောက်တဲ့အခါမှာဆိုရင် ဝန်ကြီးရုံးအထိကို ပို့ရတယ်။ ကိုယ့်ရဲ့ဖုန်းနံပါတ်နဲ့ သူတို့ပြန်ပို့ပေးတာ အဲမှာသူတို့ပြန်ပို့လာတာကိုယ့် ခွင့်ရမှ OWIC ကတ်လုပ်ခွင့်ရတာ၊ အခုကအဲလိုပဲ ပြန်လာလည်တယ် ပြန်ထွက်တဲ့နေ့ကို ခွင့်တောင်းရတယ်။ ကိုယ်ထွက်ချင်တဲ့နေ့ကို ထွက်လို့မရတော့ဘူး။ သူတို့ခွင့်ပြုမှ ထွက်ရတယ်” ဟု ပြည်ပတွင် အလုပ်လုပ်ကိုင်နေသူအမျိုးသားတစ်ဦးက ပြောသည်။

ပြည်ပထွက်ခွာခွင့်ပြုထားသည့် စာရင်းများကို Safe Migration တယ်လီဂရမ်ချန်နယ်မှတစ်ဆင့် အသိပေးကြေညာသွားမည်ဖြစ်ကြောင်းလည်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ပြည်ပရောက်အလုပ်သမားများသည် တစ်ဖက်အလုပ်ရှင်မှ ခွင့်ပြုထားသည့် ခွင့်ရက်ပမာဏအတိုင်းသာ နေရပ်ပြန်ခွင့်ရှိသဖြင့် ယခုကဲ့သို့ ခွင့်ပြုချက်လျှောက်ထားရခြင်းအပေါ် အခက်အခဲများနှင့် ရင်ဆိုင်နိုင်သည်ဟု ထိုသူက ဆက်ပြောသည်။

အဆိုပါထုတ်ပြန်ချက်ကို ဇန်နဝါရီ ၁၂ ရက်နေ့မှာပင် စတင်အကောင်ထည်ဖော်လိုက်သဖြင့် ပြည်ပထွက်ခွာရန် လေဆိပ်သို့ ရောက်ရှိနေသော အလုပ်သမားများအပါအဝင် လူဦးရေရာနှင့်ချီ ထွက်ခွာခွင့်မရှိဘဲ လှည့်ပြန်ခဲ့ရသဖြင့် ဆုံးရှုံးမှုအများအပြားရှိနေသည်ဟု သိရသည်။

စစ်အာဏာသိမ်းနောက်ပိုင်း ပြည်ပနိုင်ငံများနိုင်ငံများသို့ ထွက်ခွာလိုသူများသည် အလုပ်သမား နိုင်ငံကူလက်မှတ် (PJ) ဖြင့် ပြည်ပထွက်ခွာသူမရှိသလောက်နည်းပါးလာပြီး၊ ပညာရေးနိုင်ငံကူလက်မှတ် (PE) ဖြင့် ထွက်ခွာသူပိုမိုများပြားနေကြောင်း သိရသည်။

“ဒီအာဏာသိမ်ပြီးတဲ့နောက်ပိုင်းမှာ အလုပ်နဲ့သွားတာအခက်များတယ်။ အလုပ်နဲ့သွားရင် တရားဝင်လမ်းနဲ့သွားရတာ၊ သင်တန်းပဲတက်ပြီး အလုပ်မခေါ်တာတွေပေါ့ အေဂျင်စီတွေကလည်း မယူဘူး၊ အခုအလုပ်နဲ့သွားတဲ့သူတွေကို အဲကြောင့် ကျောင်းနဲ့ပဲသွားနေကြရတယ်။ အခုကျွန်တော်တို့ဆီမှာဆို ကျောင်းနဲ့သွားတဲ့သူတွေပဲရှိတယ်။ အလုပ်နဲ့သွားတဲ့သူတွေက မရှိတော့ဘူး” ဟု နိုင်ငံခြားသွားရောက်လိုသူများနှင့် ပို့ဆောင်ရေးလုပ်ငန်းတွင် တာဝန်ရှိသူတစ်ဦးက ပြောသည်။

 စစ်မှုထမ်းရမည့် အသက်အကျုံးဝင်သည့် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်အမျိုးသားများကို စစ်ကော်မရှင်မှ ရည်ရွယ်ချက်ရှိရှိ ပြည်ပထွက်ခွာခွင့် ပိတ်ပင်ထားခြင်းဖြစ်ပြီး အေဂျင်စီတစ်ခုချင်းစီအလိုက် စေလွှတ်မည့် လုပ်သားအရေအတွက် ကန့်သတ်ထားခြင်းများကိုလည်း လုပ်ဆောင်ထားကြောင်း သိရသည်။

ထို့အပြင် အလုပ်သမားများအား လစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ တရားဝင် လွှဲပို့ရန်နှင့် ဝင်ငွေခွန် ပေးဆောင်ရရန် ဖိအားပေး ခိုင်းစေမှုများလည်း ရှိနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts