အတွေးအမြင်၊ လဝီဝမ်
မုဒုံမြို့နယ် နိုင်လှုံရွာ ယာယီအုပ်ချုပ်ရေးမှူးနဲ့ သူ့အဖော်တစ်ယောက် သတ်ဖြတ်ခံရတဲ့ကိစ္စဟာ ကျနော်တို့မွန်တိုင်းရင်းသားတွေကြား လူပြောများလာတဲ့ကိစ္စ ဖြစ်ပါတယ်။ ဥက္ကဋ္ဌနာမည်က နိုင်အထွဋ်ဖြစ်ပြီး သူ့အဖော်က နိုင်အရွက်ဖြစ်ပါတယ်။
ဆိုင်ကယ်သူခိုးလိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ရွာအပြင်ကို ဆိုင်ကယ်နဲ့မောင်ထွက်ကြရာ လမ်းမှာ မွန်ပြည်သစ် (အေဒီ) ရဲဘော်ရဲ့ ဖမ်းဆီးခြင်းခံရပြီး နိုင်အရွက်က ဦးခေါင်း သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရပြီး ဥက္ကဋ္ဌကျတော့ နောက်ကျောကနေ ၄ ချက် ပစ်ခံရတာပါ။
ဘာကြောင့် မွန်တွေကြားထဲမှာ ဒီကိစ္စဝေဖန်ပြောဆိုတာ များတာလဲလို့ မေးရင် ဒီလူ ၂ ယောက်က ရပ်ရွာထဲမှာ လူချစ်လူခင်ပေါများတဲ့လူတွေဖြစ်တာကြောင့်ပါ။ ပရဟိတအလုပ်လုပ်နေတဲ့ပုဂ္ဂိုလ်တွေဖြစ်သလို မိမိလူမှုအဖွဲ့အစည်းကောင်းအောင် ကြိုးပမ်းလုပ်ဆောင်နေတဲ့ သူတွေပါ။
ဘာကြောင့် မွန်ပြည်သစ် (အေဒီ) ရဲဘော်တွေက သူ့ကို သတ်တာလဲလို့မေးရင် မွန်ပြည်သစ် (အေဒီ) ထုတ်ပြန်ချက်မှာတော့ ဆိုင်ကယ်နဲ့ လူနှစ်ဦးမှ သေနတ်ဖြင့်ချိန်ထားသည်ကို တွေ့ရခြင်းကြောင့် ၎င်းတို့ဘက်မှ သေနတ်ဖြင့် ၈ ချက်တိတိ ပစ်ခတ်ခဲ့ပြီး အဆိုပါလူနှစ်ဦးသည် နေရာတွင် သေဆုံးခဲ့ရသည်။
ဒါပေမဲ့ အလောင်းသွားကောက်တဲ့ လူတွေရဲ့ပြောကြားချက်နဲ့ မွန်ပြည်သစ် (အေဒီ) ရဲ့ ထုတ်ပြန်ချက် ကွဲလွဲမှုတွေ ရှိနေပါတယ်။ ကာယကံရှင်ဘက်က ပြောပြချက်အရ အလောင်ဘေးမှာ ကျည်ခွံ ၆ ခု ကျကျန်နေတယ်တဲ့။ ဒါသက်သေနဲ့ ပြောရရင် ဒီ ၂ ယောက်ကို အနီးကပ်ပစ်သတ်ထားတဲ့ ကျည်တွေပေါ့။ ပြီးတော့ အလောင်းကို ခွဲစိတ်ပေးတဲ့ဆရာဝန်ပြောပြချအရပေါ့။ ဦးခေါင်းခွံပါ ကွဲသွားတာတဲ့။ ဒါက အလောင်ကို ကိုယ်တိုင်ကြည့်ထားတဲ့ တစ်ယောက်ပြောတာပါ။
ဆရာဝန်ပြောပြချက်နဲ့ မွန်ပြည်သစ် (အေဒီ) ပြောပြချက်က ပုံစံကွဲလွဲနေတာပါ။ ဒါကြောင့် မွန်ပြည်သူတစ်ချို့က မွန်ပြည်သစ် (အေဒီ) ထုတ်ပြန်ချက်ဟာ မှန်ကန်မှု မရှိကြောင်း ထောက်ပြလာတာရှိပါတယ်။

မွန်တွေ မွန်ပြည်သစ် (အေဒီ) အပေါ် ဒေါကန်လာရခြင်း အကြောင်းအရင်းထဲမှာ ဒီတစ်ချက်ပါတယ်။
ပြီးတော့ ထုတ်ပြန်ချက်ထဲမှာ ပြည်သူ့စစ်ခေါင်းဆောင်လို့ ရေးထားတော့ စစ်ကောင်စီရဲ့ ထောက်တိုင်ဖြစ်လို့ သတ်လိုက်တာရည်ရွယ်ပြီး ပြောသလို ဖြစ်နေတော့ မွန်တွေက ပိုပြီး ဒေါကန်လာတယ်။
တကယ်တော့ ဒီလူနှစ်ယောက်က စစ်ကောင်စီရဲ့ ထောက်တိုင်မဟုတ်သလို မွန်ပြည်သူရပ်ရွာအကျိုးအတွက် ဝိုင်းကူလုပ်ပေးနေတဲ့ ပုဂ္ဂိုလ်တွေဖြစ်တာကို ရပ်ရွာထဲက ပြည်သူတွေ ထောက်ပြပြောဆိုလာပါတယ်။
ဒီလူ ၂ ယောက် သတ်ခံရတဲ့ နောက်ကွယ်မှာ နိုင်လှုံအုပ်ချုပ်ရေးမှူးတွေက မူးယစ်ဆေးတွေ မကြာခဏဆိုသလို ဝင်ဖမ်းလေ့ရှိသလို အခုသတ်ခံရတဲ့နေရာက မူးယစ်ရောင်းသူတွေရဲ့ မူးယစ်သယ်ယူပို့ဆောင်စဉ် ဖမ်းလိုက်တဲ့ဖြစ်စဉ်တွေလည်းရှိတယ်တဲ့။
မွန်ပြည်သစ် (အေဒီ) ရဲ့ နယ်မြေသတ်မှတ်ချက်အရ အခု လူသတ်မှုဖြစ်သွားသည့် နေရာတဝိုက်သည် ကျိုက်မရောတောင်ပိုင်းဒေသအဖြစ် သွတ်သွင်းထားပြီး ဦးဆောင်သူအဖြစ် နိုင်အလင်ကို တာဝန်ပေးထားတယ်လို့ သိရပါတယ်။
အခု လူသတ်မှုမှာလည်း ၎င်း၏ လက်အောက်ခံတပ်ဖွဲ့ဝင်များရဲ့ လက်ချက်ဖြစ်တာကြောင့် နိုင်အလင်မှာ အပြည့်အဝ တာဝန်ယူရမှာဖြစ်တယ်တဲ့။
ရပ်ရွာအုပ်ချုပ်ရေးမှူးတွေ သတ်ဖြတ်ခြင်း
မွန်ပြည်သစ် (အေဒီ) စတင်ပေါ်ထွန်းလာကတည်းက ပါတီခေါင်းဆောင်တွေရဲ့ ဆွေးနွေးတိုင်ပင်မှုနဲ့ သူတို့ရဲ့မူဝါဒထဲမှာ မွန်ပြည်နယ်မှာရှိနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို နဂိုပကတိမူလ စစ်တပ်အာဏာမသိမ်းခင်က အုပ်ချုပ်ရေးမှူးအတိုင်း ဆက်လက်ထားရှိမယ်ဆိုတာ သဘောတူထားကြပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးဆိုတာ ကိုယ့်မွန်ပြည်သူတွေဖြစ်ပြီး မွန်ဒေသကောင်းစားရေးအတွက် အလုပ်အကျွေးပြုနေကြသည့်သူများရှိသလို မွန်တော်လှန်ရေးအတွက် အခြားတဖက်တလမ်းကနေ ဝိုင်းကူထောက်ပံ့ပေးနေတဲ့ ပုဂ္ဂိုလ်များလည်းရှိနေပါတယ်။
မွန်တော်လှန်ရေးအဖွဲ့အစည်းဘက်က တော်လှန်ရေးအတွက် အထောက်အကူတွေ လိုအပ်ရင် လိုအပ်သလို မြန်မာစစ်တပ် မသိအောင် နည်လမ်းရှာပြီး နောက်ကွယ်ကနေ ထောက်ပံ့နေတဲ့ လူတွေပါ။ အခု သတ်ခံရတဲ့ ပုဂ္ဂိုလ်နှစ်ယောက်ကလည်း မွန်ပြည်သစ် (အေဒီ) ထဲက တာဝန်ခံတွေနဲ့ ခင်မင်နေတာရှိသလို လက်ရှိမွန်ပြည်သစ် (အေဒီ) ဥက္ကဋ္ဌကလည်း နိုင်လှုံရွာသားတစ်ယောက်ပါ။
မွန်ပြည်သူတွေ မြင်ချင်တာက လူသတ် မွန်ပြည်သစ် (အေဒီ) ရဲဘော်ကို မွန်ပြည်သစ်ခေါင်းဆောင်တွေက အပြစ်ပေးထောင်ချတာကို မြင်ချင်တာက အမှန်ပါ။
တစ်ချို့ဝေဖန်သူတွေကျတော့ ဘာတွေဝေဖန်လဲဆိုတော့ ပါတီရဲ့ ထုတ်ပြန်ချက်ဟာ သူ့ရဲဘော်အခွင့်အရေးကို ကာကွယ်ပေးတာတဲ့။ သူ့ရဲဘော်အခွင့်အရေးကို အလေးအထားပြီး သတ်ခံရတဲ့ လူနှစ်ယောက်ကျတော့ ထုတ်ပြန်ချက်ထဲက အတိုင်း တန်ဖိုးမဲ့သလို ဖြစ်သွားတာပေါ့။
မွန်ပြည်သစ် (အေဒီ) ရဲ့ အနာဂတ်
မုဒုံမြို့ဟာ စာရေးသူရဲ့ မြို့နယ်ဖြစ်ပါတယ်။ မုဒုံမြို့နယ်က ပေါက်ဖွားလာတဲ့ လူအများစုဟာ မွန်တော်လှန်ရေးထဲမှာ ပါဝင်လာကြတဲ့ လူတွေများတယ်။ မုဒုံမြို့နယ်က ပြည်သူလူထုတွေလည်း မွန်ပြည်သစ်ရဲဘော်တွေမြင်ရင် ကြက်သတ်၊ ဝက်သတ် ချက်ကျွေးမယ့်လူတွေ များပါတယ်။
လူအများစုက မွန်တော်လှန်ရေး အားကောင်းလာအောင် နောက်ကွယ်ကနေ ပံ့ပို နေကြတဲ့လူတွေ များပါတယ်။ ပြောမယ်ဆိုရင် မွန်တော်လှန်ရေး အားကောင်းလာအောင် ဆန္ဒရှိကြတဲ့ လူတွေများပါတယ်။
ဒါပေမဲ့ အခုလို မွန်ပြည်သစ် (အေဒီ) ခေါင်းဆောင်တွေက ပြည်သူအပေါ် လိမ်လိုက်တာဟာ မွန်တော်လှန်ရေးကို ပြည်သူက ယုံကြည်ထောက်ပံ့မှု စိတ်ကုန်သွားအောင် လုပ်တဲ့သဘောသက်ရောက်တယ်လို့ စာရေးသူက မြင်တယ်။
မွန်ပြည်သူဘက်ကလည်း ဒီလုပ်ရပ်ဟာ မွန်ခေါင်းဆောင်တွေရဲ့ ဉာဏ်ရည်အားနည်းတာကို သွားမြင်လိုက်တာရှိတယ်။ အဲဒီလို သွားမြင်လိုက်တာနဲ့ နောက်ထပ် ဘာတွေသွားမြင်ပြန်လဲလို့မေးရင် ဒီလိုခေါင်းဆောင်မျိုးက ငါတို့လွတ်လပ်မှုတွေ တိုက်ပေးနိုင်မှာ မဟုတ်ဘူးလို့ တွေးမိနိုင်တယ်။ မွန်ပြည်သူအခွင့်အရေး သူတို့ကိုယ်တိုင်ချိုးဖေါက်လိုက်တော့ ပိုပြီး အယုံကြည်ကင်းမဲ့ သွားမှာဖြစ်တယ်။
တော်လှန်ရေးသမားတို့မည်သည် ပြည်သူ့အသံတွေ အမြဲတမ်းနားထောင်ရသလို ပြည်သူနဲ့ အတူသွားမှ မိမိတို့လိုရာပန်းတိုင် မြန်မြန်ရောက်မယ်ဆိုတာ သိရှိနားလည်ဖို့ လိုအပ်တယ်ဆိုတာ တင်ပြပါရစေ။


