Homeသတင်းရော်ဘာနေလှန်းပြား မထုတ်လုပ်နိုင်ခြင်းကြောင့် အရည်ဖြင့်ရောင်းချမှုများပြား

ရော်ဘာနေလှန်းပြား မထုတ်လုပ်နိုင်ခြင်းကြောင့် အရည်ဖြင့်ရောင်းချမှုများပြား

-

မိုးအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် မွန်ပြည်နယ် ရော်ဘာတောင်သူများ နေလှန်းအခြောက်ပြား မထုတ်လုပ်နိုင်သဖြင့် အသင့်ရောင်းရန်လွယ်ကူသည့် ရော်ဘာအစေးရည်များဖြင့်သာ ရောင်းချမှုများပြားကြောင်း အဝယ်ဒိုင်များ၏ ပြောပြချက်အရ သိရသည်။

မွန်၊ကရင်နှင့် တနင်္သာရီဒေသများတွင် ယခုနိုဝင်ဘာတတိယအပတ်အထိ  နေ့စဉ်မိုးရွာသွန်းနေဆဲဖြစ်ပြီး ရော်ဘာ အထွက်နှုန်းကျဆင်းခြင်း၊ နေလှန်းအခြောက်မခံနိုင်ခြင်းအပြင် ဈေးနှုန်းကျဆင်းမှုနှင့်လည်း ရင်ဆိုင်နေရကြောင်း လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

ထို့ကြောင့် တောင်သူများ ရော်ဘာအစေးရည်အတိုင်းသာရောင်းချကြပြီး ဝယ်ယူမှုရပ်နားထားရသည်အထိ ရောင်းချသူများပြားနေကြောင်းလည်း မုဒုံမှ ရော်ဘာအဝယ်ဒိုင်တစ်ဦးက ဆိုသည်။

“  မိုးထိများတော့ အထွက်နှုန်းတွေ တော်တော်ကျတယ်။ ပြီးတော့ အခြောက်ခံလို့မရဘူး။ အဲကြောင့် အစေးရည်နဲ့ပဲ ရောင်းချတဲ့သူက ပိုတိုးလာတယ်၊ အရည်နဲ့ပဲ ရောင်းတဲ့သူတွေများလွန်လို့ ဆိုင်ပိတ်လိုက်ရတယ်။ ကိုယ့်ရဲ့ဖောက်သည်တွေဆီကနေပဲ အဓိကထားပြီးဝယ်ရတယ်။ လာရောင်းတဲ့သူတွေများလွန်းလို့ အကုန်မဝယ်ယူနိုင်ဘူး” ဟု မုဒုံမြို့နယ်ရှိ ရော်ဘာအဝယ်ဒိုင်းတစ်ဦးက ပြောသည်။

မုဒုံရော်ဘာဈေးကွက်အတွင်း ဈေးနှုန်းများအရ  အဆင့်မြင့်ရော်ဘာ RSS1 တစ်ပေါင်လျှင် ၃၀၀၀ ကျပ် ဝန်းကျင်၊ ရော်ဘာအစေးရည် တစ်ပေါင်လျှင် ၂၅၅၀ ကျပ်ဝန်းကျင်သာ ပေါက်ဈေးရှိပြီး ယမန်နှစ်ထက် ဈေးနှုန်းရရှိမှု လျော့နည်းကြောင်းလည်း သိရသည်။

ဈေးနှုန်းကျဆင်းသော်လည်း ရာသီဥတုအခြေအနေကြောင့် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေရပြီး ရသမျှဈေးဖြင့် ရောင်းဝယ်နေရကြောင်း ရော်ဘာတောင်သူတစ်ဦးက ဆိုသည်။

“ရော်ဘာဈေးက ပြောမနေနဲ့တော့ ဈေးတွေ တော်တော်ကျတယ်။ ပြီးတော့ မိုးများနေတော့ အခက်ခဲအမျိုးမျိုးကြုံနေရတယ်။ အစေးခြစ်မရတာနဲ့ ရော်ဘာအထွက်နည်းတာနဲ့ အခြောက်လုပ်မရတာနဲ့ တောင်သူတွေက အစေးရည်နဲ့ပဲ ပြိုင်ရောင်းနေကြတယ်၊ ရသလောက်ဈေးနဲ့ ရောင်းတယ်။ မိုးများလို့ ဘာမှမရတာထက်ယှဉ်ရင် ရသလောက်ပေါ့” ဟု သံဖြူဇရပ်မြို့နယ်ရှိ ရော်ဘာစိုက်တောင်သူတစ်ဦးက ပြောသည်။

ယခုနှစ်တွင် ရာသီဥတုအပြင် မွန်ပြည်နယ်ဒေသအချို့ စစ်ရေးအခြေအနေကြောင့် လုပ်ငန်းမစတင်နိုင်သေးကြောင်း၊ ရော်ဘာအထွက်နှုန်းနည်းလာနိုင်းကြောင်းလည်း ထိုသူက ဆက်ပြောသည်။

မွန်ပြည်နယ်တွင် ရော်ဘာစိုက်ပျိုးမှုသည် အဓိက စီးပွားရေးလုပ်ငန်း ဖြစ်ပြီး၊ ပြည်နယ်တစ်ခုလုံးတွင် ရော်ဘာစိုက်ခင်းဧက ၅ သိန်းကျော်ရှိပြီး ထွက်ကုန်များကို ထိုင်းနှင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေကြောင်းလည်း သိရသည်။

သီရိလင်္ကာနိုင်ငံတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကြောင့် မွန်ပြည်နယ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးနီးပါးတွင် နောက် ၂ အထိ မိုးထစ်ချုန်းရွာသွန်းရန်ရှိကြောင်းလည်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ထားသေးသည်။

အချိန်အခါမဟုတ် မိုးဆက်လက်ရွာသွန်းနေဆဲဖြစ်ခြင်းကြောင့် မွန်ပြည်နယ်တွင် ရာသီအလိုက်လုပ်ငန်းများကို မစတင်နိုင်သည့်အခြေအနေတွင်ရှိနေပြီး လုပ်ငန်းပျက်စီးဆုံးရှုံးနေသူများလည်း ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts