Homeသတင်းစစ်အုပ်စု ရွေးကောက်ပွဲကို မထောက်ခံသလို ကန့်ကွက်မှာလည်း မဟုတ်ကြောင်း 7 EAO Alliance ပြော

စစ်အုပ်စု ရွေးကောက်ပွဲကို မထောက်ခံသလို ကန့်ကွက်မှာလည်း မဟုတ်ကြောင်း 7 EAO Alliance ပြော

-

စစ်အုပ်စုက ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကို အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် 7 EAO Alliance အနေဖြင့် မထောက်ခံသလို၊ ကန့်ကွက်ခြင်းလည်း ပြုလုပ်မည် မဟုတ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

အဆိုပါ ရွေးကောက်ပွဲကို ပြည်သူလူထုတို့က လွတ်လပ်စွာ ဆုံးဖြတ်ကြရန် မိမိတို့ အပစ်ရပ် ၇ ဖွဲ့က ယခုကဲ့သို့ နားလည်မှု ရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ကျနော်တို့ 7 EAO Alliance အနေနဲ့ကတော့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ထောက်ခံတယ်လို့ ကျနော်တို့ မပြောဘူး။ ကန့်ကွက်တယ်လို့လည်း ကျနော်တို့ မပြောဘူး။ ရွေးကောက်ပွဲဆိုတာက ဖက်ဒရယ်စနစ်ရဲ့ မလွဲမသွေ ဖြတ်သန်းရမယ့် ဒီမိုကရေစီ အခွင့်အရေးတစ်ခု ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီမိုကရေစီရဲ့ အချုပ်အချာအာဏာကို ပိုင်စိုးတဲ့ ပြည်သူလူထုတွေကနေပြီးတော့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပါစေဆိုပြီးတော့ ကျနော်တို့ကတော့ အဲဒီလိုမျိုး ၇ ဖွဲ့ကြားထဲမှာတော့ အဲဒီလိုမျိုး နားလည်မှု ယူထားတာ ရှိပါတယ်ခင်ဗျား” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

7 EAO Alliance အဖွဲ့ကို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာဦးဆောင်သော ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့ဖြင့် ဖွဲ့စည်းထားသည်။

စစ်အုပ်စု ဦးဆောင်သည့် အပိုင်း (၁) ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲ အပိုင်း(၂)ကို ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အာဏာသိမ်း စစ်အုပ်စုက ကျင်းပမည့် ရွေးကောက်ပွဲကို တော်လှန်ရေး အင်အားစု အသီးသီးနှင့် ပြည်သူလူထုတို့က လက်မခံပဲ ဆန့်ကျင်ကန့်ကွက်နေကြသည်။

ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အစိုးရလက်ထက်တွင် ရပ်တန့်နေသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ပြန်၍ ပေါ်ပေါက်လာနိုင်ကြောင်း ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆက်ပြောသည်။

“ရွေးကောက်ပွဲအလွန်မှာ ပေါ်ပေါက်လာမယ့် အစိုးရက ဘယ်လိုအစိုးရဖြစ်မလဲတော့ မသိဘူး။ သို့သော်လည်းပဲ ဒီစစ်အုပ်ချုပ်တဲ့ အစိုးရမဟုတ်ဘဲနဲ့ ရွေးကောက်ခံတက်လာမယ့် အစိုးရလက်ထက်မှာကျရင် ကျနော်တို့ မလုပ်ဖြစ်တာ ကြာပြီဖြစ်တဲ့ ခုနက ပြောနေတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေလည်း ပြန်လာပြီးတော့ ပေါ်လာနိုင်တယ်ဆိုတဲ့ ရှု့ထောင့်နဲ့ အဲဒီလိုတွေ ပြောဆိုနေတာတွေ ရှိတယ်ဆိုတာကလည်းပဲ အမှန်တကယ်ရှိခဲ့ပါတယ်” ဟု ပြောသည်။

အင်အားကြီး နိုင်ငံရေးပါတီများဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ကို ဖျက်သိမ်းထား၍ ကျင်းပမည့် စစ်အုပ်စု၏ ရွေးကောက်ပွဲကို နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် တစ်သီးပုဂ္ဂလ ၉၅ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၅၀၀၀ ဝန်းကျင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts