စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို "ဝ"၊ တအောင်း၊ မွန် လူငယ်များအနေဖြင့် လုံးဝဆန့်ကျင်ကြောင်းနှင့် ပြည်တွင်း၊ပြည်ပရှိ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးသမားများအားလုံး ရွေးကောက်ပွဲအတွင်း ဝန်းရံပါဝင်ခြင်းမပြုရန် ပူးပေါင်းထုတ်ပြန်ထားသည်။
"ဝ"၊ တအောင်း၊ မွန် လူမျိုးများ၏ လူငယ်အဖွဲ့အစည်းများဖြစ်ကြသော "ဝ"လူငယ့်အသံ၊ တအောင်းကျောင်းသားနှင့် လူငယ်များအဖွဲ့၊ တိုးတက်သော မွန်လူငယ်များအစည်းအရုံးများမှ ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်နေ့က ပူးပေါင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
ထုတ်ပြန်ချက်တွင် စစ်တပ်မှ သမိုင်းတစ်လျှောက်ပြုလုပ်သော ရွေးကောက်ပွဲတိုင်းသည် ၎င်းတို့၏ အာဏာတည်မြဲရေးနှင့် တရားဝင်ဖြစ်ရေး ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် တိုင်းရင်းသားအင်အားစုများ အချင်းချင်းကြား စည်းလုံးညီညွှတ်မှု ပျက်ပြားစေရေး၊ သွေးခွဲရေးနှင့် နိုင်ငံတကာအသိုင်းအဝန်းကို လှည့်စားရန်ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အတုအယောင်ရွေးကောက်ပွဲသည် ၎င်းတို့ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုအားလုံကို ရှောင်ရှားရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်းရန် ဖြစ်သဖြင့် မိမိတို့ မွန်-ခမာအုပ်စု "ဝ"၊ တအောင်း၊ မွန် လူငယ်များအနေဖြင့် လုံးဝဆန့်ကျင်ကြောင်း ဆိုသည်။
အကြမ်းဖက်စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲတွင် ပါဝင်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဖျက်သိမ်းထားသည့် ဖက်ဒရယ်ဒီမိုရေစီ ပြည်ထောင်စုတည်ဆောက်ရေး မျှော်မှန်းချက်ကို ဆန့်ကျင်ရာရောက်သည့်အတွက်ကြောင့် မပါဝင်သင့်ဟု ဆိုသည်။
တရုတ်အစိုးရအပါအဝင် နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကားအဖွဲ့အစည်းများနှင့် ပြင်ပနိုင်ငံမှ အိမ်နီးချင်း ရင်းနှီးမြှုုပ်နှံသူအားလုံ စစ်ကော်မရှင်ရွေးကောက်ပွဲအား နည်းပညာအရပံ့ပိုးကူညီခြင်း၊ လေ့လာခြင်း၊ ပူးပေါင်းပါဝင်ခြင်း၊ အသိအမှတ်ပြုခြင်းအပါအဝင် အခြားသောနိုင်ငံရေး၊ စီးပွားရေး၊ သံသမန်ရေးအရ ပံ့ပိုးဆောင်ရွက်မှုများ မလုပ်ဆောင်ရန်လည်း ထပ်မံတိုက်တွန်းထားသည်။
မွန်-ခမာအုပ်စုများဖြစ်ကြသော "ဝ"၊ တအောင်း၊ မွန် လူငယ်များ အတိတ်သမိုင်းကို သင်ခန်းစာယူပြီး လက်ရှိတော်လှန်ရေးအင်အားစုများမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပြည်နယ်အားကောင်းရေးမှ ပြင်ထောင်စုအားကောင်းရေးချဉ်းကပ်မှု အခြေခံမှုကို အခြေခံပြီး ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရည်မှန်းထားရှိသည်။
အဆိုပါ ရည်မှန်းချက်ကို လက်ကိုင်ထားရှိပြီး "ဝ၊ တအောင်း၊ မွန် လူငယ်များ စည်းလုံးညီညွတ်ကာ အကြမ်းဖက်စစ်တပ် အာဏာသက်ဆိုးရှည်စေမည့် မည်သည့်လုပ်ရပ်မျိုးများမဆို ဆန့်ကျင်တော်လှန်သွားမည်ဟုလည်း ပူးတွဲသဘောထား ထုတ်ပြန်ထားသည်။




